ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ Club အဖွဲ့ဝင်များပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ငဖဲ ဖေဖော်ဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့နှင့် Youth Club အဖွဲ့ဝင်များပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက စာရေးဆရာ ကပ္ပတိန်သာစိန် ရေးသားသော မိဘကြေးမုံပြင်နှင့် ဝတ္တရားငါးပါးနီတိနှင့် သုတများစာအုပ်ကို စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယုယုသိန်းက စာဖတ်သည့် အလေ့အထဖြစ်ပေါ်စေရန်၊ စာပေဗဟုသုတတိုးပွားရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိ၍ စာပေဖတ်ရှုပြီး ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အကျင့်ဖြစ်ပေါ် လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဉ်ပုံမှန်ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် မြို့နယ် Book  Club အဖွဲ့ဝင် ဒေါ်သန္တာအောင်က စာရေးဆရာ ကပ္ပတိန်သာစိန် ရေးသားသော နီတိနှင့်သုတများ စာအုပ်ပါ မိဘတို့၏ဝတ္တရားငါးပါးနှင့် သားသမီး ဝတ္တရားငါးပါး၊ မြို့နယ် Youth Club အဖွဲ့ဝင် မောင်ဘုန်းမြတ်ညီက မိတ်ဆွေကျင့်ဝတ်ငါးပါး၊ ယနေ့ လူ့လောကအသိုင်းအဝိုင်းသို့ ဝင်လာနေကြပြီဖြစ်သော လူငယ်လူရွယ်များသည် ဤကားကောင်း၏၊ ဤကားမကောင်းဟူသော လူကျင့်ဝတ်၊ လူ့နီတိများကို သတိထားလိုက်နာရန်လိုအပ်ပြီး မြန်မာ့လူမှု အသိုင်းအဝန်းတွင် လူဆိုးလူမိုက်၊ လူတော်လူကောင်း ပညာရှိ ခွဲခြားသိပြီး ပေါင်းသင်းဆက်ဆံကြရန် အကြောင်းများကို ထုတ်နှုတ်ဖတ်ကြားဆွေးနွေး၍ ကျန်ရှိသည့် အဖွဲ့ဝင်များက စာပေဗဟုသုတအမြင်ခြင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ငဖဲမြို့နယ်ရုံးအနေဖြင့် Club အဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပုံမှန် စာဖတ်ဝိုင်းများနှင့် အသိပညာပေး Talk Show ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)