ကံမမြို့ ဆုတောင်းပြည့် ရတနာမာရ်အောင် ငါးထပ်ကြီးဘုရား ဘက်စုံပြုပြင် မွမ်းမံတည်ဆောက်ရေး ဆဋ္ဌမအကြိမ် အလှူငွေပေးအပ်ပွဲ ကျင်းပ

ကံမ ဖေဖော်ဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၂)ရပ်ကွက် ကျောင်းကုန်းရပ်၊ ဆုတောင်းပြည့် ရတနာမာရ်အောင် ငါးထပ်ကြီးဘုရား ဘက်စုံပြုပြင် မွမ်းမံတည်ဆောက်ရေး (ဆဋ္ဌမအကြိမ်) အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက အဆိုပါဘုရားဝန်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် ဆရာတော်သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အလှူငွေပေးအပ်ပွဲအခမ်းအနားအား နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ယွန်းကျောင်းပရိယတ္တိစာသင်တိုက်ပဓာန နာယကဆရာတော် ဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တကောဝိဒထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက စုပေါင်းအလှူငွေများ ပေးအပ်ရာ ဂေါပကအဖွဲ့မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီးနောက် လှူဒါန်းမှုအစုစုတို့အတွက်  ရေစက်သွန်းချတရားနာယူခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃) ကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 ကျော်ဇေယျဝင်း(ကံမ)