မင်းဘူး ဖေဖော်ဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီး၏ (၂၅၉၁)ကြိမ်မြောက် ဗုဒ္ဓပါဒပူဇနိယဘုရားပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးနှင့် မန်းရွှေစက်တော်ဘုရား ဩဝါဒါစရိယဆရာတော်ကြီးများ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးနှင့် လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပါဒပူဇနိယပွဲတော် ဖွင့်ပွဲအထိမ်းအမှတ် မင်္ဂလာမုခ်ဦးဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် နေပြည်တော် လယ်ဝေးမြို့ နဂါးရုံတစ်ထောင် စမတောင်ကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာ မင်္ဂလာဓမ္မ ဇောတိကဓဇ၊ ထေရဝါဒ ဗုဒ္ဓသာသန ဇောတိက ဒေါက်တာ ဘဒ္ဒန္တဝံသသီရိနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်တို့က မင်္ဂလာမုခ်ဦးဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီးနောက် တာဝန်ရှိသူများက ဇီဝိတဒါနအဖြစ် ငှက်လွှတ်ခြင်းနှင့် ငါးလွှတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင်၊ နေပြည်တော် ပျဉ်းမနားမြို့ အောင်စည်သာကျောင်းဆရာတော် ဘဒ္ဒန္တ ဝိစက္ခဏနှင့် နေပြည်တော် လယ်ဝေးမြို့ နဂါးရုံတစ်ထောင် စမတောင်ကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တဝံသသီရိ အမှူးပြုသော ဆရာတော်ကြီးများ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် တာဝန်ရှိသူများက အောက်စက်တော်ရာ(ခြေတော်ရာ) အလင်းပေါက် ဖန်အုပ်စောင်းတော်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ခြင်း၊ အထက်စက်တော်ရာ ပါဒစေတီတော်မြတ် သံတံခါးအား ဖွင့်လှစ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီးနောက် နမ္မဒါရေစင်နှင့် အမွှေးနံ့သာရေများ သွန်းဖျန်း၍ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကာ ပင့်ဖိတ်ထားသော ဩဝါဒါစရိယဆရာတော်ကြီးများက ဗုဒ္ဓပါဒစေတီတော်(ခြေတော်ရာ)နှစ်ဆူနှင့် အောက်စက်တော်ရာ(ခြေတော်ရာ)အနီးရှိ ဘုရားဝတ္တကနယ်မြေ၌ အသစ်တည်ထားကိုးကွယ်သော ဆုတောင်းပြည့်လိုတရ နမ္မဒါနဂါးရုံဘုရားအား ဗုဒ္ဓါဘိသေက အနေကဇာတင် ဘိသိတ်သွန်းတော်မူခဲ့ကြသည်။
ယင်းနောက် မန်းရွှေစက်တော်ဘုရား သုံးထပ်ဆောင် သာသနာ့ဗိမ္မာန်တော်၌ ၂၅၉၁ ကြိမ်မြောက် မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပါဒစေတီတော်နှစ်ဆူ ဖွင့်လှစ်ပူဇော်အောင်မြင်ခြင်းအထိမ်းအမှတ် ဒါနသီလဘာဝနာကုသိုလ်ပြု အလှူတော်မင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပရာ တက်ရောက်လာကြသူများက ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ငါးပါးသီးလ ခံယူဆောက်တည်ကာ ပရိတ်တရားတော်များ နာယူကြည်ညိုကြ၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းများဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှအတမ်းများပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးသည် မြန်မာနိုင်ငံ၏ (က)အဆင့်စာရင်းဝင် ဘုရားကြီးဖြစ်ပြီး မြန်မာနိုင်ငံအတွင်း၌ ထင်ရှားကျော်ကြားပြီး ရက်အရှည်ကြာဆုံးသော ဘုရားပွဲတော်ကြီးတစ်ခုဖြစ်ကြောင်း၊ ယခုနှစ် မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၂ ရက်မှ ဧပြီလ ၁၇ ရက်နေ့အထိ မဟာသင်္ကြန်ရုံးပိတ်ရက်အပါအဝင် (တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက် နေ့ထိ) ရက်ပေါင်း (၇၅)ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အနယ်နယ်ရပ်ရပ်မှ ဘုရားဖူး ရဟန်းရှင်လူ မိဘပြည်သူများ ညအိပ်တည်းခိုနားနေနိုင်စေရန် တည်းခိုဆောင်အခန်းပေါင်း ၃၀၀ ကျော်နှင့် ဈေးဆိုင်ခန်းပေါင်း ၃၅၀ ခန့်ကို ဆောက်လုပ်ပေးထားပြီး ယခုအခါ (၂၅၉၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအဖြစ် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
မောင်မောင်(မင်းဘူး)