တနင်္သာရီ ဖေဖော်ဝါရီ ၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များရောဂါကင်းရှင်းပြီး ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေးအတွက် မွေးကင်းစမှ၍ အသက်(၃)နှစ်အတွင်း ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး/ ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးခန်းအတွင်း ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၈ နာရီမှစ၍ မွန်းလွဲ ၂ နာရီအထိ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
၎င်း ပုံမှန်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ခံသားဖွားဆရာမဒေါ်မာမာခိုင်နှင့်ဝန်ထမ်းများက မွေးကင်းစမှအသက်(၃)နှစ်အရွယ်အထိ ကလေးများအား ဘီစီဂျီ၊ ဆုံဆို့ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုး စပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုပ်ရောင်(PCV)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ(ရိုတာကာကွယ်ဆေး)၊ ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေး (၉) မျိုးစပ်နှင့် ပိုလီယိုအကြောသေရောဂါကာကွယ်ဆေးတို့ကို အသက်အပိုင်းခြားအလိုက် ထိုးနှံပေးခြင်းနှင့်တိုက်ကျွေးခြင်းလုပ်ငန်းကို ကလေးငယ်(၂၁၅)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း၊ အဆိုပါပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းကို လစဉ်လဆန်း တစ်ရက်နေ့တွင် ထိုးနှံပေးလျက်ရှိကြောင်း တာဝန်ခံသားဖွားဆရာမထံမှ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)