ပဲခူး ဖေဖော်ဝါရီ ၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့နယ်၊ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူနှင့်တာဝန်ရှိသူတို့က ပြင်ဆင်မွမ်းမံပြီးစီးခဲ့သည့် မိုးယွန်းကြီးအင်းပညာပေးပြခန်း အဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည် ပက်ဖြန်းပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် အစိုးရအဖွဲ့ဝန်ကြီးများက ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် မိုးယွန်းကြီးအင်းအတွင်း နေထိုင်ကျက်စားသည့် တောရိုင်းတိရစ္ဆာန် ပုံသွင်းရုပ်လုံးများ၊ ဆေးစိမ်ရုပ်ကြွင်းများနှင့် Flyway Network Site (ငှက်ပျံသန်းမှု လမ်းကြောင်းဒေသ) မြေပုံများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ကြိုးကြာခန်းမ၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့အထိမ်းအမှတ် အခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရေဝပ်ဒေသများသည် ကျန်းမာပျော်ရွှင်သော လူနေမှုဘဝများကို ပံ့ပိုးပေးလျက်ရှိရာ လူသားတိုင်း၏ အနာဂတ် ကောင်းမွန်သာယာနိုင် စေရေးအတွက် ရေဝပ်ဒေသများကို ထိန်းသိမ်းကာကွယ်သွားရန် လိုအပ်မှာဖြစ်ကြောင်း၊ မိုးယွန်းကြီးအင်းသည် ကုန်းတွင်းရေဝပ်ဒေသဖြစ်ကာ ဆောင်းခိုငှက်များ၊ မျိုးသုဉ်းရန် အန္တရာယ်ရှိသော ငှက်မျိုးစိတ်များ ကျရောက်ကျက်စားခြင်းနှင့်အတူ အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာ လမ်းကြောင်းကွန်ရက်နယ်မြေတစ်ခုဖြစ်ခြင်း၊ သဘာဝဂေဟစနစ်များ ကောင်းမွန်မှုရှိခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝခြင်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းဆိုင်ရာ အလာအလားကောင်းများ ရှိသည့်အတွက် အာဆီယံအမွေ အနှစ်ဥယျာဉ်အဖြစ် အဆိုပြုတင်သွင်းခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ မိုးယွန်းကြီး အင်းရေဝပ်ဒေသ၏ ဝန်ဆောင်မှုနှင့် သယံဇာတများအား ရေရှည်ထုတ်ယူသုံးစွဲ နိုင်ရေးအတွက် ဂေဟစနစ်များ သဘာဝအတိုင်း ကောင်းမွန်စွာတည်ရှိနိုင်ရေး ပြည်သူလူထုအသိပညာပေးခြင်း၊ လူထုအခြေပြုထိန်းသိမ်းရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူက မိုးယွန်းကြီးအင်းရေဝပ်ဒေသ၏ အရေးပါပုံနှင့် ထိန်းသိမ်းစောင့်ရှောက်မှုမှတစ်ဆင့် ဒေသခံပြည်သူများထံသို့ ပြန်လည်အကျိုးပြုပုံတို့အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေဝပ်ဒေသထိန်းသိမ်းရေး ဗွီဒီယိုကလစ်အား ကြည့်ရှုခဲ့ကြပြီး၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိကြသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆုရကျောင်းသား/ သူများ၏ စာစီစာကုံးများ၊ ပိုစတာများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)