ထားဝယ်တက္ကသိုလ်၌ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ထားဝယ် ဖေဖော်ဝါရီ ၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တက္ကသိုလ်၏ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်၊ စီမံခန့်ခွဲရေးနှင့် ပညာရေးအဖွဲ့ဝင်များက သတ်မှတ်ထားသည့် နေရာအသီးသီးတွင်  နေရာယူကြသည်။

ထို့နောက် ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း သက်ဆိုင်ရာ စာမေးပွဲများတွင် အောင်မြင်ခဲ့သူ မဟာဘွဲ့ရရှိသူ(၇)ဦး၊ ဒီပလိုမာဘွဲ့(စီးပွားရေးဥပဒေ)ရရှိသူ(၅)ဦး၊ ဂုဏ်ထူးဘွဲ့ရရှိသူ(၅)ဦး၊ ဥပဒေဘွဲ့ရရှိသူ (၁၀)ဦး၊ ဝိဇ္ဇာ/သိပ္ပံဘွဲ့ရရှိသူ (၃၇)ဦးနှင့် ၂၀၂၄ ပညာသင်နှစ်၊ အဝေးသင်သင်တန်းတွင် အောင်မြင်ခဲ့သူ ရိုးရိုးဘွဲ့ရရှိသူ (၁၂၀)ဦး၊ ဥပဒေဘွဲ့ရရှိသူ(၇)ဦးတို့အား ဘွဲ့အသီးသီးအပ်နှင်းသည်။

အခမ်းအနားတွင် ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်က ဘွဲ့ရမောင်မယ်များအနေဖြင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သင်ယူတတ်မြောက်ထားသော ပညာရပ်များကိုအသုံးပြုပြီး ဆက်လက်ဆည်းပူး လေ့လာကြရန်လိုအပ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် နိုင်ငံနှင့်လူမျိုးကို ချစ်သောစိတ်ဓာတ်၊ အများအကျိုးကို ဆောင်ရွက်ပေးသောစိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်အသိတို့ဖြင့် စွမ်းစွမ်းတမံ အင်တိုက်၊ အားတိုက် ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များကို လေးစားလိုက်နာပြီး နိုင်ငံသားကောင်း တစ်ဦးအနေဖြင့် နေထိုင်သွားကြရန်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ရိုးရာယဉ်ကျေးမှုများကို အစဉ်အမြဲ ထိန်းသိမ်းကာကွယ်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

အခမ်းအနားသို့ ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဘာသာရပ်အသီးသီးမှ ပါမောက္ခဌာနမှူးများ၊ ဘွဲ့ရမောင်မယ်များနှင့်မိဘများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)