ကြံခင်း ဖေဖော်ဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးလောင်ဆုံးရှုံးမှုလျှော့နည်းစေရန်ရည်ရွယ်ပြီး ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မီးဘေးလုံခြုံရေး အသိပညာပေး စစ်ဆေးကြသည်။
ထိုသို့စစ်ဆေးကြရာတွင် ကြံခင်းမြို့နယ် မီးသတ်ဦးစီးမှူး၏လမ်းညွှန်မှုနှင့်အညီ ရေနံတောင်မီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးခန့်သူဗိုလ်နှင့်မီးသတ်တပ်ဖွဲ့ဝင်များက (အ.ထ.က) ရေနံတောင်၊ (အ.ထ.က) ခွဲထိန်ပင်မြောင်၊ (အ.မ.က) ညောင်ဝိုင်း၊ (အ.မ.က) ပိုးစုကြီးကျောင်းများရှိ ဆရာကြီး/ ဆရာမကြီးများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှ တာဝန်ရှိသူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ရုတ်တရက်မီးလောင်မှုနှင့်ကြုံတွေ့ပါက (DCP) မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်နိုင်ရန် အသုံးပြုပုံများနှင့် ဝါယာကြိုးများမှတစ်ဆင့် မီးလောင်မှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရမည့်အချက်များကို အသိပညာပေးရှင်းလင်းခြင်းနှင့် မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိခြင်းများကို စစ်ဆေးဆောင်ရွက်ကြသည်။
ဆက်လက်၍ မီးလောင်ဆုံးရှုံးမှုလျှော့နည်းစေရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် မီးသတ်ဆေးဗူး ထားရှိခြင်းနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ ရေလှောင်ကန်များ၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်များထားရှိခြင်း၊ ကျောင်းတွင်း/ ပြင် အမှိုက်များရှင်းလင်းခြင်းနှင့် မီးပေါ့ဆမှု မရှိစေရန် အသိပညာပေး စစ်ဆေးဆောင်ရွက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)