ပခုက္ကူ ဖေဖော်ဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၈)ရပ်ကွက်၊ ဂန္ဓရုံလမ်း၌ ယမန်နေ့မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပခုက္ကူမြို့၊ အမှတ်(၈)ရပ်ကွက်၊ ဂန္ဓရုံလမ်းနေ ဒေါ်တင်အေး၏ နေအိမ်အောက်ထပ်ရှိ ပေ ၂၀၊ ၁၀ ပေအခန်းအတွင်းထားရှိသော TVနှင့်တွဲလျက်တပ်ဆင်အသုံးပြုသည့် Safeguard အပူလွန်ကဲရာမှ အခန်းအား ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ ထိုသို့ မီးကူးစက်လောင်ကျွမ်းမှုကြောင့် နေအိမ်တွင်းရှိ အခန်းတစ်ခန်းနှင့် TV တစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ပခုက္ကူခရိုင် မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ ပခုက္ကူမြို့မရဲစခန်းက အရေးယူဆောင်ရွက်နိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘာမီသာ(ပြန်/ဆက်)