ကြံခင်းမြို့၌ မဲစာရင်းပြုစုရာ၌ အခြေခံရမည့် လူဦးရေစာရင်းများတွင် အိမ်ထောင်စုအမှတ်စဉ်များ ဖြည့်သွင်းခြင်းနှင့် မြေပြင်နေထိုင်မှုစိစစ်ခြင်း လုပ်ငန်းဆိုင်ရာများ တင်ပြခြင်းအခမ်းအနား ကျင်းပ

ကြံခင်း ဖေဖော်ဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ မဲစာရင်းပြုစုရာ၌ အခြေခံရမည့် လူဦးရေစာရင်းများတွင် အိမ်ထောင်စုအမှတ်စဉ်များ ဖြည့်သွင်းခြင်းနှင့် မြေပြင်နေထိုင်မှုစိစစ်ခြင်း လုပ်ငန်းဆိုင်ရာများတင်ပြခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ပြုလုပ်ခဲ့သည်။

ဦးစွာ  ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန  ခရိုင်ဦးစီးဌာနမှူး ဦးတင်မြိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တို့က အဖွင့်အမှာစကားပြောကြားပြီး ကြံခင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ဝင်းမြင့်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံ လူဦးရေစာရင်း (Hard Copy) များ လွှဲပြောင်းပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က ရပ်/ကျေးမြေပြင်စာရင်းကောက်အဖွဲ့များထံ လူဦးရေစာရင်း (Hard Copy) များပေးအပ်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးမှ လက်ခံရယူခဲ့သည်။

ဆက်လက်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းနှင့် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ဝင်းမြင့်တို့က အိမ်ထောင်စုအမှတ်စဉ်များ ဖြည့်သွင်းခြင်းနှင့် မြေပြင်နေထိုင်မှုစိစစ်ခြင်း လုပ်ငန်းဆိုင်ရာများအား အသီးသီး​ရှင်းလင်းဆွေးနွေးကြသည်။

အဆိုပါအခမ်းအနားကို ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးဌာနမှူး၊ မြို့နယ်စီးမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)