အုတ်တွင်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်

အုတ်တွင်း ဖေဖော်ဝါရီ 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာရုံးအဆောက်အဦများ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပေးခြင်း၊ ဝန်ထမ်းများနှင့်မိသားစုဝင်များအား DCP မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြသခြင်းနှင့် မီးသတ်ယာဉ်ဖြင့် ရေစိုဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့နံနက်ပိုင်းက ဗောဓိကုန်းကျေးရွာရှိ မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်လုပ်ရေးလုပ်ငန်းဝန်း၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဌာနဆိုင်ရာ ရုံးအဆောက်အဦများ၊ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပေးရာတွင် လျှပ်စစ်မီးများသုံးစွဲရာ၌ ခံနိုင်ဝန်ထက်ပိုမိုအသုံးမပြုရေး၊ ဟောင်းနွမ်းသောလျှပ်စစ်မီးကြိုး အသစ်လဲလှယ်အသုံးပြုရေး၊ လျှပ်စစ်အသုံးပြုရာတွင် သတိထားရမည့်အချက်များ၊ ဆေးလိပ်သောက်ရာတွင် သတိပြုဆင်ခြင်သင့်သည့်အချက်များ၊ ဖယောင်းတိုင်နှင့် လောင်စာဆီအသုံးပြုရာတွင် သတိပြုသင့်သည့်အချက်များ၊ အမှိုက်မီးရှို့ရာတွင် လိုက်နာရမည့်အချက်များအား ဝန်ထမ်းများနှင့် မိသားစုဝင်များ သိရှိလိုက်နာဆောင်ရွက်သွားကြရန်၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများနှင့်မီးသတ်ဆေးဘူးများထားရှိစေရေးနှင့် မီးဘေးအန္တရာယ် ကျရောက်လာပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီဆက်သွယ်အကြောင်းကြားပေးရန် အသိပညာဟောပြောပေးခဲ့ကြောင်းနှင့် DCP မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့ သရုပ်ပြသခြင်းကို မြို့နယ်သန္ဓေတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များပါဝင်သရုပ်ပြသ​ခဲ့ပြီး၊ မီးသတ်ယာဉ်ဖြင့်ရေစို ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မြင့်ထံမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)