ကလေးမြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

ကလေး ဖေဖော်ဝါရီလ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းမြေ့အောင်စည်ရပ်ကွက်၊ နယ်မြေ(၉)၊ မိုးလင်းရှောင်စောန်းဘုရားကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကလေးခရိုင်စီမံအုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတင့်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အသေးစား၊ အငယ်စားနှင့် အလတ်စားအိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် သင်တန်းသားများအနေဖြင့် မိမိတို့သင်ယူတတ်မြောက်ထားသည့် ပညာများအပြင် ပိုမိုကြိုးစားလေ့လာ၍ ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်ကြစေလိုကြောင်းပြောကြားခဲ့ပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော သင်တန်းသားများကို ဆုများပးအပ်ခဲ့ကြသည်။ ထို့နောက်သင်တန်းသားများမှ ချင်းရိုးရာအကများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး တက်ရောက်လာသူများမှ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူး၍ သင်တန်းသားများ၏ လက်တွေ့ချုပ်ထားသည့် လက်ရာများကို ကြည့်ရှုခဲ့ကြသည်။

အဆိုပါသင်တန်းကို ဇန်နဝါရီလ ၂ ရက်မှ ဖေဖော်ဝါရီလ ၁  ရက်နေ့ထိ သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးအား နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စာတွေ့လက်တွေ့ သင်ကြားပို့ချ‌ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)