အ.ထ.က-တနင်္သာရီမှ ကျောင်းသား/သူများအား သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

တနင်္သာရီ ဖေဖော်ဝါရီ ၁

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်သစ်တောဦးစီးဌာနက အ.ထ.က-တနင်္သာရီမှ ကျောင်းသား/သူများအား သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က-တနင်္သာရီကျောင်း ပညာရတနာခန်းမအတွင်း ကျင်းပပြုလုပ်ရာ အ.ထ.က-တနင်္သာရီမှ ဆရာ/မများနှင့် အထက်တန်းအဆင့်ကျောင်း သူ/သားများ စုစုပေါင်း ၆၀ကျော် တက်ရောက်ခဲ့ကြသည်။

ပထမဦးစွာ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးကျော်မြင့်ထွန်းနှင့်ဝန်ထမ်းများက ဆရာ/မများနှင့်ကျောင်းသား/သူများအား သစ်တောဦးစီးဌာနမှထုတ်ဝေသည့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝဝန်းကျင်တိုးတက်ကောင်းမွန်လာစေရေးအတွက် အထောက်အကူပြုစေမည့် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကြသည်။

ဆက်လက်၍ တောအုပ်ကြီးဦးကျော်မြင့်ထွန်းက မြန်မာနိုင်ငံတွင်တွေ့ရှိရသော သစ်တောအမျိုးအစားများ၊ သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော သစ်တောသစ်ပင် ပြုစုထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ၊ ရေချိူ၏အရေးပါပုံနှင့် ရေချိုကို ချွေတာသုံးစွဲရန်လိုအပ်ပုံ၊ ရေသယံဇာတများ ရေရှည်တည်တံ့စေရန် ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးနည်းလမ်းများ၊ မီးခိုးမြူငွေ့အဓိပ္ပါယ်နှင့်မီးခိုးဖြစ်ပေါ်လာပုံ၊ မီးခိုးမြူငွေ့အမျိုးအစားများနှင့်ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ တောမီးအန္တရာယ်နှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများစသည့်အကြောင်းအရာများကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပါသည်။

ထို့နောက် ဟောပြောမှုများနှင့်ပတ်သက်၍ တောအုပ်ကြီးဦးကျော်မြင့်ထွန်းက ပြန်လည်ဆန်းစစ်မေးမြန်းပြီး ကျောင်းသူ/သားများက ထပ်မံသိရှိလိုသည်များ မေးမြန်းမှုကို ပြန်လည်ဖြေကြားပေးကြောင်းသိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)