တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ တည်ဆောက်ရေးလုပ်ငန်းများအားကြည့်ရှုစစ်ဆေး

ထားဝယ် ဖေဖော်ဝါရီ ၁

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်၍ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းဝင်းအတွင်းကျောင်းဆောင်အသစ်နေမှုဆောက်လုပ်နေမှုအခြေအနေများ၊ ကျောင်းသား/သူများ ကစားလျက်ရှိသည့် ဘောလုံးကွင်းအားကြည့်ရှုစစ်ဆေးကာ ကျောင်းဆောင်အသစ်အား သတ်မှတ်ရက်အတွင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောက်လုပ်ပေးရန်လိုအပ်ကြောင်း၊ ဘောလုံးအားကစားကွင်းအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသန့်ရပ်လှပစေရေးအတွက် လိုက်လံကြည့်ရှုကာ လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထားဝယ်မြို့တော်ခန်းမအဆောက်အဦ တည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ဆောက်လုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အဆောက်အဦအသစ်ဆောက်လုပ်နေမှုအခြေအနေများ၊ ထားဝယ်မြို့တော်ခန်းမလမ်းခင်းခြင်းနှင့် ဆက်စပ်သောလုပ်ငန်းများဆောင်ရွက်နေမှု(မြေဖို့ခြင်း၊ ရေမြောင်းနှင့်ရေမြောင်းဖုံး)၊ ကားပါကင်တည်ဆောက်ခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ မြေကာနံရံတည်ဆောက်နေမှု၊ အဝင်လမ်းအား Box Culvert နှစ်စင်းတည်ဆောက်ခြင်း၊ အုတ်စီရေမြောင်းနှင့်ရေမြောင်းဖုံးပြုလုပ်နေမှု၊ လျှပ်စစ်လုပ်ငန်း၊ ရေသန့်လုပ်ငန်းများ၊ အဆောက်အဦပြင်ပဆက်စပ်လုပ်ငန်းများနှင့် လုပ်ငန်းစီမံချက်များအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက အဆောက်အဦအား အချိန်မီပြီးစီးအောင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ သတ်မှတ်အရည်အသွေးစံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းပြောကြားပြီး အဆောက်အဦအတွင်း တည်ဆောက်နေမှု အခြေအနေများအားကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း တည်ဆောက်နေသည့် Hall ခန်းမအား ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များမှာကြားသည်၊။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကမြောကင်းလမ်း၊ နိဗ္ဗာန်လမ်းဆုံမှ ပုံကျွန်းလမ်းဆုံကြား လမ်းဘေးဝဲ/ယာ ရေမြောင်းပါပလက်ဖောင်းပြုလုပ်နေမှု၊ ကမြောကင်းလမ်း၊ ပုံကျွန်းလမ်းဆုံမှ အောင်ဇေယျလမ်းဆုံအထိ လမ်းဘေး ဝဲ/ယာ ရေမြောင်းပါပလက်ဖောင်းပြုလုပ်နေမှု၊ ကမြောကင်းလမ်းအောင်ဇေယျလမ်းဆုံမှ ဆန်းချီလမ်းဆုံအထိ လမ်းဘေးဝဲ/ယာ ရေမြောင်းပါပလက်ဖောင်းပြုလုပ်နေမှု အခြေအနေများအားကြည့်ရှုစစ်ဆေးပြီးလမ်းများချဲ့ရာတွင် မလွတ်ကင်းသည့် လမ်းမီးတိုင်များအား နောက်သို့ရွှေ့ပြောင်းပေးကြရန်လိုအပ်ကြောင်း၊ ရေမြောင်းများပြုလုပ်ရာတွင် ရေကြီးရေလျံမှုမဖြစ်ပေါ်စေရေး အလေးထား ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းနှင့် သတ်မှတ်ရက်အတွင်းအချိန်မီပြီးစီးအောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းတာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)