ပခုက္ကူမြို့နယ်တွင် ငရုတ်သီးခြောက်များ အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိ

ပခုက္ကူ ဖေဖော်ဝါရီ ၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးထွက်ရှိသည့် ငရုတ်သီးခြောက်များ အရောင်းအဝယ်ဖြစ်ထွန်းပြီး အကျိုးအမြတ်ရရှိကြောင်း သိရသည်။

“ပခုက္ကူမြို့နယ်၊ နန်းတော်ရပ်ကျေးရွာ၊ ဘဲကြီးကျေးရွာ၊ ငကျော်ကျေးရွာ၊ မြင်းဝင်းကျေးရွာများတွင် မျှားနီ၊ ပန်းရဲ၊ အစပ်သီးစသည့် ငရုတ်သီးနှံအမျိုးအစားများကို အဓိကစိုက်ပျိုးကြပြီး စိုက်ဧကအနေဖြင့် သုံးသောင်းကျော်ရှိကြောင်း၊ ငရုတ်သီးနှံကို ပျိုးဘောင်စနစ်ဖြင့်စိုက်ပျိုးရာ အရင်းအနှီးအနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၂၅ သိန်းခန့်ကုန်ကျလျက်ရှိကြောင်း၊ ပခုက္ကူမြို့၊ အမှတ်(၁)စည်ပင်သာယာမြို့မဈေးတွင် ငရုတ်သီးအမျိုးအစားပေါ်မူတည်ပြီး ငရုတ်သီးခြောက်အရှည်တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀၀၊ ငရုတ်သီးခြောက် (ပု)တစ်ပိဿာလျှင် ငွေကျပ် ၁၈၀၀၀၊ သန့်စင်ပြီးသော ငရုတ်သီးခြောက်(ခွဲခြမ်း) တစ်ပိဿာလျှင် ငွေကျပ် ၁၈၀၀၀၊ ငရုတ်သီး (အနုမှုန့်) တစ်ပိဿာလျှင် ငွေကျပ်၁၈၀၀၀၊ ငရုတ်သီး (ကျွန်းခြောက်) တစ်ပိဿာလျှင် ငွေကျပ် ၁၇၀၀၀ စသည်ဖြင့် အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိကြောင်း” မြို့မဈေးသည်တစ်ဦးထံက ပြောပြသည်။

ပခုက္ကူမြို့နယ် ကျေးရွာများမှ စိုက်ပျိုးထွက်ရှိသော ငရုတ်သီးခြောက်များကို ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာမြို့များနှင့် ပြည်ပနိုင်ငံများဖြစ်သည့် တရုတ်နှင့်ထိုင်းနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)