မင်းဘူး ဖေဖော်ဝါရီ ၁
စိုက်ပျိုးရေးတောင်သူများအနေဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး ကုန်ကျစရိတ်သက်သာသည့် သစ်စိမ်းမြေဩဇာပိုက်ဆံလျှော်အား ထည့်သွင်းစိုက်ပျိုးသင့်သည့်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး သစ်စိမ်းမြေဩဇာပိုက်လျှော်အား အဖူးဝင်ချိန်ထွန်စက်ဖြင့် ထယ်ထိုးမြေမြှုပ်ထည့်သွင်းခြင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ကမ်းနီကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မင်းဘူး(စကု)မြို့နယ်၊ ရွာသာယာကျေးရွာအုပ်စု၊ ကမ်းနီကျေးရွာ၊ ကွင်းအမှတ်(၁၄၁၂)ရှိ တောင်သူဦးလှအောင်၏ ပိုက်ဆံလျှော်သစ်စိမ်းမြေသြဇာ အဖူးဝင်ချိန် ၄၅ ရက်သား စိုက်ခင်းအတွင်း ဒေသခံတောင်သူများ အသုံးပြုစိုက်ပျိုးလျက်ရှိသော မြေဆီလွှာများ ဖွံ့ဖြိုးတိုးတက်စေရန် သီးနှံမစိုက်ပျိုးမီ ကြားကာလ၌ သစ်စိမ်းမြေဩဇာပိုက်ဆံလျှော်အား ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ရရှိလာနိုင်မည့် မြေဆီလွှာကောင်းကျိုးများကို မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဇော်က တောင်သူပညာပေးရှင်းလင်းပြောကြားပြီး အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံတောင်သူများ သိရှိနားလည်စေရန်ဖိတ်ကြား၍ ထွန်စက်ဖြင့် ထယ်ထိုးမြေမြှုပ်ထည့်သွင်းခြင်းလုပ်ငန်းကို လက်တွေ့ကွင်းသရုပ်ပြ ဆောင်ရွက်ခဲ့သည်။
သစ်စိမ်းမြေဩဇာပိုက်ဆံလျှော်စိုက်ပျိုးရာတွင် မြေအစိုဓာတ်လုံလောက်မှုရှိပါက မည်သည့်မြေအမျိုးအစားတွင်မဆို ကောင်းမွန်စွာ ပေါက်ရောက်ရှင်သန်နိုင်ပြီး အတန်းလိုက်/ကြဲပက်စနစ် နည်းမျိုးစုံအသုံးပြု၍ စိုက်ပျိုးနိုင်ကာ အပင်ကြီးထွားမှုနှုန်းမြန်သော အပင်ဖြစ်ကြောင်း၊ ပိုက်ဆံလျှော်သည် မျိုးစေ့ကုန်ကျမှုသက်သာကာ အခြားသီးနှံများ မစိုက်ပျိုးမီ သစ်စိမ်းမြေဩဇာအဖြစ် စိုက်ပျိုးနိုင်ပြီး အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများအတွက် အထူးသင့်တော်သည့် အပင်ဖြစ်၍ မြေအစိုဓါတ်ကို တာရှည်ခံအောင် ထိန်းသိမ်းထားနိုင်ကြောင်း၊ မိုးရေကို အဓိကအားထားပြီး စိုက်ပျိုးရသော ကုန်းပိုင်းယာမြေများတွင် မိုးသီးနှံမစိုက်ပျိုးမီအချိန်နှင့် လယ်မြေများတွင် မိုးစပါးရိတ်သိမ်းပြီးနောက် နွေသီးနှံမစိုက်ပျိုးမီ ပိုက်ဆံလျှော်မျိုးအားကြဲပက်စိုက်ပျိုး၍ အပင် ၄၅ ရက်သားမှ ၆၅ ရက်သား အဖူးဝင်ချိန်၌ သစ်စိမ်းမြေဩဇာအဖြစ် ထယ်ထိုး/ထွန်စက်မောင်းပြီး မြေမြှုပ်ပေးရလေ့ရှိကြောင်း၊ အပင်၏အစိတ်အပိုင်းများကို အစိမ်းအတိုင်း ထယ်ထိုးမြေမြှုပ်ပြီး ၁၀ ရက်မှ ၁၄ ရက် အကြာတွင် ကောင်းစွာဆွေးမြည့်ပြီးမှသာ အခြားသီးနှံများကို စိုက်ပျိုးသင့်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သစ်စိမ်းမြေဩဇာပိုက်ဆံလျှော်စိုက်ပျိုးခြင်းအားဖြင့် မြေဆီလွှာအတွင်းရှိ အစိုဓာတ်ကို ထိန်းသိမ်းပေးရုံသာမက ယူရီးယား၊ သစ်ဆွေးဓါတ်ကြွယ်ဝပြီး မြေသားဖွဲ့စည်းမှု တိုးတက်ကောင်းမွန်စေခြင်း၊ မြေဆီလွှာတိုက်စားမှုကို လျော့နည်းစေပြီး အပေါ်ယံမြေလွှာများပျက်စီးမှုကို ကာကွယ်ပေးခြင်း၊ ဓါတ်မြေသြဇာဝယ်ယူမှု ကုန်ကျစရိတ်သက်သာခြင်း၊ မြေတွင်းအဏုဇီဝပိုးများရှင်သန်များပြားခြင်းတို့အပြင် ပျက်စီးနေသာ မြေဆီလွှာနှင့် သစ်ဆွေးဓာတ်လျော့နည်းသော မြေဆီလွှာများ၊ မြေချဉ်ငန်ဓါတ်မြင့်လွန်းသော အပူပိုင်းဒေသရှိ မြေဆီလွှာများကိုပြုပြင်ရန် အထူးသင့်တော်ကောင်းမွန်ကာ မြေညံ့များတွင် နှစ်စဉ်စိုက်ပျိုးပြီး ထွန်ယက်မြေမြှုပ်ပေးနိုင်ပါက စိုက်ပျိုးမြေအရည်အသွေးကို သိသိသာသာ တိုးတက်ကောင်းမွန်စေပြိး မြေဆီလွှာ၏ အာဟာရဓာတ်ကို ဖြည့်တင်းပေးသော သဘာဝမြေဩဇာပင်ဖြစ်အသည့်အတွက် အကုန်အကျသက်သာသော ပိုက်ဆံလျှော်ကို ဝင်ငွေရသီးနှံများ မစိုက်ပျိုးမီ သစ်စိမ်းမြေဩဇာအဖြစ် နှစ်စဉ်စိုက်ပျိုးနိုင်ပါက ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းကို အထောက်အကူပြုပြီး များစွာအကျိုးဖြစ်ထွန်း စေနိုင်မည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)