မအူပင် ဖေဖော်ဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ လှူဒါန်းသည့် သိန်း(၁၅၀)ဖြင့်ဆောက်လုပ်ခဲ့သည့် ရွှေမင်းရတနာ ကျေးရွာစာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၃၁ ရက် မွန်းလွဲ ၃ နာရီခွဲက တော်တလုပ်ကျေးရွာအုပ်စု သုံးခွဆိုင်ကျေးရွာတွင်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ စာကြည့်တိုက်ဖွင့်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ဆွေဝင်း၊ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် တော်တလုပ်ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြ သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်တို့မှ စာအုပ်စာစောင်များလှူဒါန်းပေးခဲ့ပြီး စာကြည့်တိုက်မြေနေရာအား လှူဒါန်းပေးပါသော မူလမြေပိုင်ရှင် အလှူရှင်ဒေါ်ခင်လေးမွန်မှ မအူပင်ခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးထံသို့ စာကြည့်တိုက်မြေနေရာ(မေတ္တာဖြင့်ပေးကမ်းခြင်း) စာချုပ်အားပေးအပ်ခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ရွှေမင်းရတနာ ကျေးရွာစာကြည့်တိုက်အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)