ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားရေးနှင့် နိုင်ငံတော်အတွက် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် အကျိုးပြုနေသည့် ပွင့်ဖြူမြို့နယ်က မဲဇလီရေလွှဲဆည်

ပွင့်ဖြူ ဖေဖော်ဝါရီ ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း၌ တည်ရှိသည့် မဲဇလီရေလွှဲဆည်ကြီးသည် ဒေသတွင်းရှိ တောင်သူများအတွက် သီးနှံဝင်ငွေတိုးပွားရေးနှင့် နိုင်ငံတော်အတွက် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးကို နှစ်စဉ်အကျိုးပြုနေသည့် ဆည်ကြီးတစ်ခုပင်ဖြစ်သည်။

မဲဇလီရေလွှဲဆည်ကြီး ဖြစ်တည်လာပုံ

ပွင့်ဖြူမြို့နယ် မဲဇလီရေလွှဲဆည်ကြီးသည် နတ်မတောင်ထိပ်၏ အနောက်ဘက်နှင့် မြောက်ဘက်ရှိတောင်များတွင် မြစ်ဖျားခံစီးဆင်းလာသော မုန်းချောင်းပေါ်တွင် တည်ရှိကာ ဒေသတွင်းရှိ လယ်ယာသီးနှံစိုက်ပျိုးတောင်သူများ စိုက်ပျိုးရေဖူလုံစွာရရှိစေရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သက္ကရာဇ် ၁၉၀၃ ခုနှစ်တွင် စတင်အကောင်အထည်ဖော်တည်ဆောက်ခဲ့ကာ ၁၉၁၀ ခုနှစ်တွင် အောင်မြင်စွာတည်ဆောက်ပြီးစီးခဲ့သည်။ မုန်းချောင်းမှ တစ်နှစ်ပတ်လုံး ရေစီးဆင်းမှုများရှိသည့်အတွက် မဲဇလီရေလွှဲဆည်၌ ဆည်ရေများ စနစ်တကျ သိုလှောင်ထိန်းသိမ်းထားရှိပြီး ၁၉၉၃ ခုနှစ်တွင် ဒေသခံတောင်သူများ နွေစပါးသီးနှံ စိုက်ပျိုးနိုင်ရန်အတွက် နွေစပါးစိုက်ဧက ၁၀၀၀၀ ကျော်ကို စိုက်ပျိုးရေစတင်၍ စမ်းသပ်ဖြန့်ဝေပေးခဲ့သည်။ ၂၀၀၄-၂၀၀၅ ခုနှစ်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက စေတုတ္တရာမြို့နယ်တွင် မုန်းချောင်းတမံအကောင်အထည်ဖော် တည်ဆောက်ပေးနိုင်ခဲ့သဖြင့် မုန်းတမံအတွင်းမှ ဆည်ရေများကို မဲဇလီရေလွှဲဆည်၌ ပိုမိုသိုလှောင်ထိန်းသိမ်းနိုင်ခဲ့သဖြင့် ဒေသခံတောင်သူများကို နွေစပါးစိုက်ဧက ၅၀၀၀၀ ခန့်အထိ စိုက်ပျိုးရေများ ယခင်ကထက် ပိုမိုဖြန့်ဝေပေးလာနိုင်ခဲ့သည်။

ထို့အပြင် ၂၀၀၇-၂၀၀၈ နှစ်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက စေတုတ္တရာမြို့နယ်ရှိ မုန်းချောင်းတမံနှင့်ပွင့်ဖြူမြို့နယ် မဲဇလီရေလွှဲဆည်အထက် (၁၀)မိုင်ခန့်အကွာတွင် ကြီးအုံကြီးဝတမံအား ထပ်မံ၍ တည်ဆောက်ပေးခဲ့သဖြင့် မဲဇလီရေလွှဲဆည်အတွင်း ဆည်ရေပိုမိုသိုလှောင်လာနိုင်သည့်အတွက် ယခုအခါ ဒေသတွင်းရှိ တောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် နှစ်စဉ် မိုးစပါးစိုက်ဧက ၇၀၀၀၀ ကျော်နှင့် နွေစပါးစိုက်ဧက ၆၀၀၀၀ ကျော်အထိ စိုက်ပျိုးရေများ ဖြန့်ဝေပေးနိုင်ရုံသာမက တောင်သူများ ဆောင်းသီးနှံ ကုလားပဲ ၊ ပဲတီစိမ်း ၊ နေကြာ တစ်နှစ် (၃)သီး စိုက်ပျိုးနိုင်သည်အထိ စိုက်ပျိုးရေများ ဖြန့်ဝေပေးနိုင်ခဲ့သည်။

စိုက်ပျိုးရေ ဖြန့်ဝေပေးမှုစနစ်

ပွင့်ဖြူမြို့နယ် မဲဇလီရေလွှဲဆည်မှ နှစ်စဉ် မင်းဘူးမြို့နယ်၊ ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်များအတွင်းရှိ ဆည်ရေသောက်ဧရိယာ ၈၂၆၂၃ ဧကအတွက် ဒေသခံတောင်သူများ ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် နိုင်ငံတော်အတွက် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန် ဆည်ရေများပေးဝေရာ၌ အဓိက စိုက်ပျိုးရေပေးမြောင်းဖြစ်သည့် မြောက်မုန်းမြောင်းမကြီး အလျား ၂၄ ဒသမ ၆ မိုင်နှင့် တောင်မုန်းမြောင်းမကြီး အလျား ၂၉ ဒသမ ၂ မိုင် ၊ စုစုပေါင်း မြောင်းမကြီးအရှည်ပေ ၅၄ မိုင်မှ တစ်ဆင့် စိုက်ပျိုးရေပို့လွှတ်ကာ ရေလက်တံမြောင်း အရေအတွက်(၂၅)ခုဖြင့် စိုက်ပျိုးရေနှင့် သီးနှံအောင်ရေများကို စနစ်တကျဖြန့်ဝေပေးလျက်ရှိသည်။

ဆည်ရေသောက်ဧရိယာများသို့ စိုက်ပျိုးရေများဖြန့်ဝေပေးရာတွင် တောင်သူများဆည်ရေကို အကျိုးရှိစွာ သုံးစွဲနိုင်ရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ကြီးကြပ်၍ သက်ဆိုင်ရာတောင်သူများ ပူးပေါင်းပါဝင်သော ရေအသုံးချသူများအဖွဲ့ကို ဖွဲ့စည်း၍ စိုက်ပျိုးရေလေလွင့်ဆုံးရှုံးမှုမရှိအောင် စနစ်တကျကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

ဆည်ရေသောက်စနစ်များ ကောင်းမွန်အောင် အဆင့်မြှင့်တင်ခြင်း

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရာသီအလိုက် သီးနှံများအဆင်ပြေစွာ စိုက်ပျိုးနိုင်အောင် စိုက်ပျိုးရေများကို လေလွင့်ဆုံးရှုံးမှုအနည်းဆုံးဖြင့် ဖြန့်ဝေပေးနိုင်ရန် ဆည်ရေသောက်စနစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၁၀ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ မဲဇလီ ဆည်ရေသောက်စနစ်အတွင်းရှိ မြောင်းမကြီး(၂)ခုနှင့် ရေလက်တံမြောင်းများအားလုံးကို ပိုမိုခိုင်မာအားကောင်းစေရန် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်တွင် မဲဇလီရေလွှဲဆည်ကြီးအား ရေကြီးရေလျှံမှုအန္တရာယ်ကင်းဝေးစေရန်နှင့် ဆည်ရေ ပိုမိုထိန်းသိမ်းသိုလှောင်နိုင်ရန်အတွက် (HED)ဟိုက်ဒေါလစ်စနစ် အသုံးပြုဆည်ထိပ်ရေထိန်းတံခါး တပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့သည်။ ထိုသို့ဆည်ရေသောက်စနစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုကြောင့် မဲဇလီရေလွှဲဆည်အတွင်း ယခင်ကထက် ဆည်ရေပိုမိုသိုလှောင်ထားနိုင်ခြင်း၊ ဆည်အတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်လာပါက ရေထိန်းတံခါးများကို အချိန်မီအမြန်ဆုံး ဖွင့်ထုတ်၍ ဆည်အတွင်း ရေအမှတ်များကို လျင်မြန်ထိရောက်စွာ လျှော့ချနိုင်ခြင်း၊ ရေပေးတူးမြောင်းမကြီးများသို့ ဆည်ရေအပြည့်အဝ ထည့်သွင်းပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေသည့်အပြင် တောင်သူများအတွက်လိုအပ်သော စိုက်ပျိုးရေကိုလည်း အပြည့်အဝဖြန့်ဝေပေးနိုင်ခဲ့သည်။

ပွင့်ဖြူမြို့နယ်သည် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဆည်ရေသောက်စိုက်ပျိုးမြေဧရိယာ အများဆုံးဖြစ်ပြီး စားနပ်ရိက္ခာဖူလုံရေးအတွက် ဆန်စပါးနှင့် ဆီထွက်သီးနှံမျိုးစုံကို မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ထိုသို့ တောင်သူများ ရာသီအလိုက် သီးနှံများစိုက်ပျိုးရာ၌ လိုအပ်သော စိုက်ပျိုးရေနှင့် သီးနှံအောင်ရေများ ပြည့်ဝစွာရရှိရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဆည်ရေများကို မြောင်းဆုံး၊ မြောင်းဖျားအထိ ရောက်ရှိအောင် စနစ်တကျ စီမံဆောင်ရွက်ဖြန့်ဝေပေးလျက်ရှိသည်။ ယခုနှစ် နွေသီးနှံစိုက်ပျိုးတောင်သူများ နွေစပါးအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ကစပြီး တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ နွေစပါးစိုက်ဧက ၃၃၂၃၅ ဧက အတွက် စိုက်ပျိုးရေများ ဖြန့်ဝေပေးသွားမည်ဖြစ်ကာ နွေနှမ်းစိုက်ပျိုးမည့် မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာ အတွင်းရှိ နှမ်းစိုက်ဧက ၂၇၁၉၃ ဧကအတွက် မတ်လ (၇)ရက်နေ့တွင် စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေး သွားမည်ဖြစ်သည်။

ထိုသို့ ဆည်ရေများ ဖြန့်ဝေပေးရာ၌ တောင်သူများ သီးနှံစိုက်ပျိုးချိန်တွင် သီးနှံအတွက် လိုအပ်သော ရေပမာဏကို အချိန်မီဖြည့်ဆည်းပေးနိုင်ရန်နှင့် ရေလေလွင့်ဆုံးရှုံးမှု နည်းပါးစေရန် မြို့နယ်အတွင်း ဖွဲ့စည်းထားရှိသော ရေအသုံးချသူများအဖွဲ့(၂၀၀)နှင့်ပူးပေါင်းပြီး စိုက်ပျိုးရေ စနစ်တကျ ရယူသုံးစွဲရေးနှင့် ဆည်မြောင်းအဆောက်အအုံ၊ တူးမြောင်းပေါင်များ ထိန်းသိမ်းရေးလုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ ပွင့်ဖြူမြို့နယ်အတွင်းရှိ မဲဇလီရေလွှဲဆည်ကြီးသည် ဒေသခံတောင်သူများအတွက် တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ရာ၌ စိုက်ပျိုးရေ ဖူလုံစွာရရှိအောင် ဆောင်ရွက်ပေးနိုင်သည့်အပြင် မင်းဘူးမြို့နယ်နှင့် စလင်းမြို့နယ်ရှိ ဒေသခံတောင်သူများအတွက်ပါ စိုက်ပျိုးရေ ဖြန့်ဝေပေးနိုင်သည့်အတွက် တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးများစွာ အကျိုးရှိစေပြီး နိုင်ငံတော်အတွက် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးကို တစ်ထောင့်တစ်နေရာမှ ပါဝင်အားဖြည့်အကျိုးပြုလျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )