မင်းဘူး(စကု)မြို့နယ်ရှိ  စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ တောင်သူပညာပေးလုပ်ငန်းပေါင်း (၁၁)ကြိမ်အထိ ဆောင်ရွက်ပေးနိုင်ခဲ့

မင်းဘူး ဖေဖော်ဝါရီ   

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ပေးခဲ့သော ဥယျဉ်ဇင်ကျေးရွာအုပ်စု သိမ်ကုန်းနည်းပညာ ပြန့်ပွားရေး စင်တာဝင်းအတွင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တောင်သူပညာပေးလုပ်ငန်းများအဖြစ် သင်တန်း၊ ဆွေးနွေးပွဲနှင့် ကွင်းသရုပ်ပြပွဲ အကြိမ်ရေပေါင်း (၁၁)ကြိမ်အထိ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တောင်သူပညာပေးသင်တန်း ၄ ကြိမ်၌ တောင်သူပေါင်း ၃၁၀ ဦး၊ သီးနှံစိုက်တောင်သူများ၏ ဒေသဖွံ့ဖြိုးရေးနှင့် တောင်သူပညာပေးဆွေးနွေးပွဲ ၅ ကြိမ်၌ တောင်သူပေါင်း ၃၂၄ ဦး၊ တောင်သူပညာပေး ကွင်းသရုပ်ပြပွဲ ၂ ကြိမ်၌ တောင်သူပေါင်း ၁၅၀ ဦး စုစုပေါင်း ပညာပေးအစီအစဉ် (၁၁)ကြိမ်တွင် တောင်သူပေါင်း ၇၈၄ ဦးအား စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အဖြစ် အောင်မြင်စွာ ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကျောင်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေ ၃၃၂ ဒသမ ၄၄၁ ကျပ်သန်းဖြင့် RC တစ်ထပ် စာသင်ဆောင် ပင်မ အဆောက်အဦနှင့် စားသောက်ဆောင်တို့ကို ဆောက်လုပ်ပေးခဲ့ပြီးဘ ၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက်နေ့ က စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ဒေသတွင်းစိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေးနည်းပညာများကို မြေပြင်တွင်လက်တွေ့ ဖြန့်ဝေဆောင်ရွက်ပေးနိုင်ရန်၊ စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒေသခံတောင်သူအချင်းချင်း တွေ့ဆုံညှိနှိုင်းပြီး တစ်ဦးနှင့်တစ်ဦး အမြင်ချင်းနှီးနှော ဖလှယ်ကာ ပေါင်းစပ်ကူညီဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးကပြောသည်။

အဆိုပါသင်တန်းကျောင်းအား စတင်ဖွင့်လှစ်ခဲ့သည့်နေ့မှစ၍ ဘဏ္ဍာနှစ် တစ်နှစ်တာကာလအတွင်း စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအဖြစ် (၁၁)ကြိမ်အထိ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယင်းပညာပေးအစီအစဉ်များတွင်နယ်ပယ်အသီးသီးမှ စိုက်ပျိုးရေးပညာရှင်များနှင့်မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး(စကု)၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲနှင့် စေတုတ္တရာမြို့နယ်များမှ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)