ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေစပါးစိုက်ပျိုးနိုင်ရေး ဆည်ရေများကို ဖေဖော်ဝါရီ ၇ ရက်တွင် စတင်ပေးဝေမည်ဖြစ်

ကန့်ဘလူ ဖေဖော်ဝါရီ ၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူလယ်သမားများ ယခုနှစ်နွေစပါးစိုက်ပျိုးရာသီ၌ နွေစပါး ဧက ၂၄၀၀၀ ကျော်အတွက် စိုက်ပျိုးရေများကို ဖေဖော်ဝါရီ ၇ ရက်တွင် စတင်ပေးဝေရန်စီစဥ်ထားကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ကန့်ဘလူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ရာသီအလိုက် သီးနှံများအချိန်မီစိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရေဖူလုံစေရန် ရေလှောင်တမံများမှ စိုက်ပျိုးရေများကို ရေပေးမြောင်းများမှတစ်ဆင့် လယ်ယာမြေစိုက်ခင်းများအရောက် စနစ်တကျဖြန့်ဝေပေးလျက်ရှိသည်။

ယခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် ကင်းတပ်ရေလှောင်တမံမှတစ်ဆင့် ကင်းတပ်လက်ဝဲတူးမြောင်း(OMC)မှ နွေစပါးဧက ၂၄၅၀၀၊ လင်ပန်းရေလှောင်တမံမှ ဧက ၁၅၀ စုစုပေါင်း ဧက ၂၄၆၅၀ ကို ဆည်ရေပေးဝေသွားမည်ဖြစ်ကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဒေသခံတောင်သူလယ်သမားများ နွေစပါးစိုက်ပျိုးရေအပြည့်အဝရရှိစေရန် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး မြောင်းအလိုက် ရေပေးဝေရေးလုပ်ငန်းများကို စနစ်တကျ လိုက်လံစစ်ဆေးခြင်း၊ ဆည်ရေအ သုံးချရေးအဖွဲ့များဖွဲ့စည်း၍ ရေလိုအပ်သည့်မြောင်းလက်တံများ၌ ရေလှည့်စနစ်များပြုလုပ်ကာ ရေပေးဝေခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)