မအူပင် ဖေဖော်ဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ရွှေလှေသောင်ကျေးရွာအုပ်စု၊ လက်ပံကျွန်းကျေးရွာတွင် လျှပ်စစ်မီးဖွင့်ပွဲနှင့် ညွန့်မေတ္တာဆောင်ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက်(၁) နာရီကကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဦးနှင့်အဖွဲ့မှ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရေများပတ်ဖျန်းသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညွန့်မေတ္တာဆောင် ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ၎င်းနောက် ကျောင်းအကျိုးတော်ဆောင် ရပ်မိရပ်ဖဦးမြစိုးမှ အ.ထ.ကလက်ပံကုန်း ကျောင်းဆောင်သစ်မှတ်တမ်းများအား လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများမှ ထာဝရမြန်မာသီချင်းဖြင့် တေးသရုပ်ဖော်တင်ဆက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ ဆက်)