စစ်ကိုင်း ဖေဖော်ဝါရီ ၁
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ဘွဲ့လွန်ပညာရေးဒီပလိုမာသင်တန်း Postgraduate Diploma in Education (PGDip.Ed) အပတ်စဉ်(၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းပညာရေးတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်က အမှာစကားပြောကြားရာတွင် သင်တန်းသို့တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချပေးမည့် ဘာသာရပ်များကို ကြိုးစားသင်ယူသွားကြစေလိုကြောင်း၊ သင်တန်းဆင်းပြီးပါကလည်း မိမိတို့ကျရာ နယ်ပယ်အသီးသီးမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်မှ အားထားရတဲ့ ထူးချွန်ထက်မြတ်သည့် နိုင်ငံ့သားကောင်းများဖြစ်အောင် မွေးထုတ်ပေးနိုင်တဲ့ ဆရာ၊ ဆရာမများ ဖြစ်အောင်ကြိုးစားကြပါလို့ တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က သင်တန်းဖွင့်လှစ်မှုအတွက် ဝမ်းသာပီတိစကား ပြောကြားခဲ့သည်။
အဆိုပါ ဘွဲ့လွန်ပညာရေးဒီပလိုမာသင်တန်း Postgraduate Diploma in Education (PGDip.Ed) အပတ်စဉ်(၁)သို့ အထက်မြန်မာပြည်ရှိ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ၊ နိုင်ငံတကာသင်ရိုးကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းတည်ထောင်အုပ်ချုပ်သူများ၊ စုစုပေါင်း (၃၈)ဦး တက်ရောက်ပြီး သင်တန်းကာလ (၉)လကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)