စစ်ကိုင်း ဇန်နဝါရီ ၃၁
စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီး ဌာန၊ မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီလ (၂၉) ရက်၊ နံနက်ပိုင်းက သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (စစ်ကိုင်း) ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတ္ကသိုလ်(စစ်ကိုင်း)ပါမောက္ခချုပ် ဒေါက်တာ မို့မို့ရီက အမှာစကားပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မိမိကျော် က “ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်လူငယ်ကဏ္ဍ”၊ ခေါင်းစဉ်ဖြင့်လည်းကောင်း မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးရဲထက်အောင် (၁) က “သစ်တောထိန်းသိမ်းရေးနှင့် ရေသယံဇာတ ထိန်းသိမ်းရေးအကြောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းဇော်က “ သဲကန္တရဖြစ်ထွန်းမှုတိုက်ဖျက်ရေးနှင့် ရာသီဥတုဖောက်ပြန်ယိုယွင်းမှု ဟန့်တားလျှာ့ချရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ထက်ယမင်းအောင်က “မီးခိုးမြူငွေ့လျော့ချရေး အားလုံးပူးပေါင်းပါဝင်ပေး” ခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီးဟောပြောပေးခဲ့ကြပြီး အသိပညာပေးဟောပြောပေးခဲ့ကြသည့် ဌာနဆိုင်ရာများအား သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) ပါမောက္ခချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်မှပေးပို့လာသော လေထုညစ်ညမ်းမှုနှင့်ပတ်သက်သည့် အသိပညာပေး Video Clip ပြသ၍ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား မေးခွန်းများမဲနှိုက်ဖြေကြားစေကာ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင် (ပြန်/ဆက်)