ရေနံချောင်းမြို့ပေါ်ရပ်ကွက်များ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ရေနံချောင်း ဇန်နဝါရီ ၃၁

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ မီးသုံးစွဲသူမိဘပြည်သူများ မီးသတိမူရေး၊ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၅ နာရီက ရေနံချောင်းမြို့ ညောင်လှရပ်ကွက်နှင့် သစ်တပွေရပ်ကွက်တို့တွင် လှည့်လည်ဆောင်ရွက်ခဲ့သည်။

မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ရာတွင် နေအိမ်အဆောက်အဦးများ၌ ခိုင်ခံ့သော မီးချိတ်၊ မီးကပ်၊ သဲ၊ ရေပုံးနှင့် ရေလုံလောက်စွာထားရှိရန်၊ မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိရန်၊ လေပြင်းတိုက်ခိုက်နေစဉ် မီးဖိုမီးလုံးဝမသုံးစွဲရန်၊ ကလေးသူငယ်များ မီးကိုဆော့ကစားခြင်း၊ ချက်ပြုတ်ခိုင်းစေခြင်း မပြုလုပ်ရန်၊ နေအိမ်ခြံဝင်းများတွင် အမှိုက်သရိုက်များနှင့် မီးလောင်လွယ်သော အရာဝတ္ထုပစ္စည်းများကို ရှင်းလင်းရန်နှင့် စုပုံထားခြင်းမပြုရန်၊ လျှပ်စစ်မီးများ အသုံးပြုပြီးပါက ပလပ်ဖြုတ် ခလုတ်ပိတ်ရန်၊ ဟောင်းနွမ်းဆွေးမြေ့သော လျှပ်စစ်ဝါယာကြိုးများ အသုံးမပြုရန် စသည့် မီးဘေးကာကွယ်ရေး ဆောင်ရန်ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းဖြစ်သည်။

ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကြည်စိုးဟန်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် ရေနံချောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကြောင့် အသက်အိုးအိမ်စည်စိမ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပြည်သူများသိရှိ လိုက်နာဆောင်ရွက်နိုင်ရေး အသိပေးနှိုးဆော်ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)