ပွင့်လင်းရာသီတွင် ခရီးသွားအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများနှင့်အတူ ခရီးသွားပြည်သူ ဝင်ရောက်မှုတိုးလာနိုင်သည့် ရေပုတ်ကြီးရွာ

ပွင့်ဖြူ ဇန်နဝါရီ ၃၁

ပွင့်ဖြူမြို့နယ်တွင်ရှိ ရေပုတ်ကြီးကျေးရွာတွင် ပွင့်လင်းရာသီ ခရီးသွားအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ကလေးငယ်များ၏ မြန်မာ့ယဉ်ကျေးမှုအမွေ ဆံရစ်ဝိုင်းအလှတရားများ၊ ရွာ၏တိုးတက်ပြောင်းလဲလာမှုနှင့်အတူ မျက်စိပသာဒဖြစ်စေသည့် အသွင်ဆန်းအမြင်ဆန်းများက ခရီးသွားပြည်သူများအဖို့ စိတ်ဝင်စားစရာဖြစ်ခဲ့သည်။

“ကျွန်တော်တို့ရွာက ယခင်က အခြားရွာတွေနဲ့စာရင် လူနေမှုအဆင့်အတော်နိမ့်ကျတယ်ဗျ။ အိမ်ထောင်စု ၇၀၄ စုနှင့် လူဦးရေ ၃၄၀၀ ကျော်ရှိပေမဲ့ မြို့နှင့်လည်းအလှမ်းဝေး လမ်းပန်းဆက်သွယ်ရေးက ရွှံ့တွေဗွက်တွေနဲ့ဆိုတော့  လူသူအ‌ရောက်အပေါက်နည်းတာပေါ။ လမ်းပန်းဆက်သွယ်ရေးကမကောင်း၊ မီးကမရတဲ့အပြင် ဒေသဖွံ့ဖြိုးရေးကလည်း နိမ့်ကျပါတယ်။ ပညာရေးက မူလတန်းအဆင့်အထိဘဲရှိပြီး၊ အလယ်တန်းဆက်တက်ချင်လျှင်ရွာနဲ့ ခုနှစ်မိုင်ဝေးတဲ့ရှောက်တောအထိ ကျောင်းသွားတက်ကြရပါတယ်။ စိုက်ပျိုးရေးကိုအားထားလုပ်ကိုင်ပေမဲ့ မိုးတွင်းမှာသာ စိုက်ပျိုးနိုင်ကြပြီး ဆောင်းရာသီနှင့်နွေရာသီများမှာ ရွာကကုန်းမြင့်နေတဲ့အတွက် ဆည်ရေမရလို့ မစိုက်ပျိုးနိုင်ဘဲ မိရိုးဖလာရက်ကန်းလးကိုဘဲ အားထားလုပ်ကိုင်ကြရပါတယ်” ဟု အုပ်ချုပ်ရေးမှူး ဦးလူဝင်းက ပြောသည်။

 “ရွာမှာ ဖွံ့ဖြိုးတိုးတက်မှုအနေနဲ့ကတော့ ၂၀၁၅ ခုနှစ်မှာ အလယ်တန်းကျောင်း စတင်ရရှိတယ်။ နောက် ၂၀၂၀ မှာ မြေနီလမ်း၊ လျှပ်စစ်မီးတို့ ရရှိတယ်။ ၂၀၂၃ ခုနှစ် ဧပြီလတွင် ရွာသူ၊ ရွာသားများ ရေအခက်အခဲမရှိစေရေးအတွက် ရွာထိပ်မှာရှိတဲ့ ရှေးရေကန်ကြီး ပြန်လည်တူးဖော်ထားပြီး၊ ဆိုလာလျှပ်စစ် ရေတင်စီမံကိန်းများလည်း ဆောင်ရွက်နေသလို၊ အခုဆိုလျှင် အထက်တန်းကျောင်း(ခွဲ) အထိ အဆင့်တိုးမြှင့်လာပြီး၊ ရွာထိပ်ရှိ ဘုရားတန်ဆောင်း၊ ကန်၊ ကျောင်းများလည်း အဆင့်မြှင့်တင်ပြုပြင်လျက်ရှိပါတယ်။ ဒီခေတ်ဟောင်း စနစ်ဟောင်းမှ ခေတ်စနစ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်လာပြီး ရေ၊ မီးနှင့်လမ်းများ ကောင်းမွန်လာသည့်အပြင် ပညာရေးပါ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ် ဒါကြောင့် ရွာရဲ့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများနဲ့အတူ ခရီးသွားပြည်သူဝင်ရောက်မှုများလည်း တိုးတက်မှုရှိလာနိုင်ပါတယ်” ဟု ရွာ၏ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးစိန်ဌေးက ပြောပြသည်။

ဇေယျာနိုင်(ရွှေကန်မြေ)