ဘားအံ ဇန်နဝါရီ ၃၁
ကရင်ပြည်နယ် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်သည့်အခမ်းအနားကို ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ အမှတ် (၄) အခြေခံ ပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကရင် ပြည်နယ် အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး လူငယ်စာဖတ်ဝိုင်း၊ ဉာဏ်စမ်းပဟေဋ္ဌိပြိုင်ပွဲ (Kahoot Quiz)၊ အလယ်တန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲ၊ မူလတန်းအဆင့်ကဗျာရွတ်ပြိုင်ပွဲ၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ၊ ဘားအံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်တို့မှ စာဖတ်ရှိန်မြှင့်တင်ရေး အထောက်အကူပြုပြခန်းများ၊ လှပသာယာပြည်မြန်မာရောင်စုံဓာတ်ပုံပြပွဲများ၊ ကရင်တိုင်းရင်းသားစာပေဉာဏ်စမ်းပဟေဋ္ဌိပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ရုပ်ပုံဆက်ပြိုင်ပွဲ၊ ပုဂ္ဂလိကစာအုပ်အရောင်းဆိုင်များနှင့်ချိတ်ဆက်၍ စာအုပ်ဈေးရောင်းပွဲများကို ထည့်သွင်းကျင်းပခဲ့ရာ ပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူ ၁၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၁၈၅၀ ဦး စိတ်ပါဝင်စားစွာဖြင့် အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ဆုချီးမြှင့်ပွဲတွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက အလှဆုံးပန်းများ ပွင့်ကြပြီ သီချင်း၊ ပြည့်စုံရတနာမိုး ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပညာပန်းများလန်းရာမြေသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကား ပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတို့တွင် ပထမဆုရရှိကြသူများအား ဂုဏ်ပြုဆုနှင့် သောက်ရေသန့်လှူဒါန်းပေးပါသော ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ထို့နောက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲနာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ဂုဏ်ပြုဆုပေါင်း ဆုကိုပေးအပ်ချီးမြှင့်ခဲ့ကြပြီး စာပေဟောပြောပွဲစာရေးဆရာများနှင့် အကဲဖြတ်ဒိုင်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ကာ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲတို့တွင် ပထမဆုရရှိကြသူများက ပြန်လည်ဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက အောင်မြင်ပါစေမြန်မာပြည် သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဆုရရှိကြသူများနှင့် စုပေါင်းမှတ်တမ်းဓါတ်ပုံများရိုက်ကူး၍ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)