ဘိုကလေး ဇန်နဝါရီ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းမှ ရာသီဥတုအညွှန်းကိန်းအခြေပြု သီးနှံအာမခံထားရှိသည့်တောင်သူများသို့ သတ်မှတ်ထားရှိသည့် မိုးရေချိန်စံညွှန်းကိန်းထက် ကျော်လွန်ခြင်းအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ လျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနားအား ယနေ့နံနက်(၁၀)နာရီအချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်မန်နေဂျာ ဒေါ်မြတ်သီတာနှင့် မြို့နယ်ချေးငွေအကြံပေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လျော်ကြေးငွေ လက်ခံကြမည့်တောင်သူများ တက်ရောက်ကြပြီး အခမ်းအနားတွင် မြို့နယ်ချေးငွေ အကြံပေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ဘိုကလေးမြို့နယ်အနေဖြင့် သတ်မှတ် မိုးရေချိန်ကျော်လွန်ခြင်းအတွက် သီးနှံပျက်စီးမှုမရှိသော်လည်း သတ်မှတ်ကာလများအတွင်း မိုးရေချိန်ကျော်လွန်ခြင်းအတွက် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လျော်ကြေးငွေပေးအပ်ခြင်း ဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်ချေးငွေအကြံပေးအဖွဲ့ အတွင်းရေးမှူး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်မန်နေဂျာ ဒေါ်မြတ်သီတာက မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၇၆)အုပ်စုမှ သီးနှံအာမခံထားရှိသည့် တောင်သူ(၃၈၆၁)ဦး၏သီးနှံဧက(၁၆၈၁၈)ဧကအတွက် လျော်ကြေးငွေ(၇၅၆၈.၁၀)သိန်း ပေးအပ်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ချေးငွေအပြည့်အဝ ပြန်လည်ပေးသွင်းပြီးသူ တောင်သူ(၁၂၈)ဦးထံသို့ တာဝန်ရှိသူများနှင့်အတူ လျော်ကြေးငွေ (၂၃၉.၈၅)သိန်းအား တောင်သူများ၏လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)