မင်းဘူး(စကု)မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါး ဧက ၁၀၀ စိုက်ပျိုးသွားမည်

မင်းဘူး ဇန်နဝါရီ ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ နိုင်ငံ့စီးပွာမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါး ဧက ၁၀၀ ကို ကမ်းနီဆိုလာလျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ စိုက်ပျိုးရေများ ရယူ၍ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထိုသို့စိုက်ပျိုးရာတွင် နိုင်ငံ့စီးပွာမြှင့်တင်ရေးရန်ပုံငွေဖြင့် ယခုနှစ် နွေးစပါသီးနှံ စိုက်ပျိုးရာသီတွင် ကမ်းနီဆိုလာလျှပ်စစ်မြစ်ရေတင်လုပ်ငန်း စိုက်ကွင်းဧရိယာရှိ ထိန်တောကျေးရွာမှ တောင်သူပေါင်း ၄၈ ဦးဖြင့် ၈၁ ဧကနှင့် ဇီးဖြူကုန်းကျေးရွာမှ တောင်သူ ၁၂ ဦးဖြင့် ၁၉ ဧက စုစုပေါင်း ဒေသခံတောင်သူ ၆၀ ဦးဖြင့် နွေစပါး ဧက ၁၀၀ ကို မျိုးပြန့်ပွားစနစ်ဖြင့် ဆာဖိုးသာနှင့် အောင်နိုင်တိုး စပါမျိုးများ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေသခံတောင်သူများ နွေးစပါးနှင့် အခြားသီးနှံ စိုက်ပျိုးနိုင်ရေး ကမ်းနီဆိုလာလျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ စိုက်ပျိုးရေများကို ဇန်နဝါရီလ ၂၅ ရက်နေ့မှစတင်ကာ ဖြန့်ဝေဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း၊ ယခုလက်ရှိ ဒေသခံတောင်သူများက ရေသွင်း၊ ထယ်ရေးခံကာ နွေးစပါးပျိုးထောင်စိုက်ပျိုးရန် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မြို့နယ်အတွင်း နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေးစပါးစိုက်တောင်သူများအတွက် လုပ်ငန်းစဥ်အဆင်ဆင့်အား ချပြရှင်းလင်းပြီး ပညာပေးစည်းရုံးခြင်း၊ နွေစပါးတစ်ဧကလျှင် တန်ဖိုးငွေကျပ် နှစ်သိန်းနှုန်းနှင့်ညီမျှသော စိုက်ပျိုးရေးသွင်းအားစုများကို တောင်သူလက်ဝယ်အရောက် အချိန်မီဖြန့်ဖြူးပေးနိုင်ရေး စာချုပ် ချုပ်ဆို၍ လက်မှတ်ရေးထိုးခြင်းများ လုပ်ဆောင်ရန် စီစဥ်ဆောင်ရွက်နေကြောင်း၊ ဒေသခံတောင်သူများ ဆာဖိုးသာနှင့် အောင်နိုင်တိုးစပါးမျိုးများကို ရွေးချယ်စိုက်ပျိုးနိုင်ရန် မျိုးပြန့်ပွားစနစ်ဖြင့် ဝယ်ယူ၍ နွေစပါးစိုက်ပျိုးရန်အတွက် လက်စွဲမျိုးစေ့ချကိရိယာများကိုလည်း ဖြန့်ဖြူးပေးထားကြောင်း၊ ထို့အပြင် နွေစပါးစိုက်ပျိုးချိန် မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ စိုက်ပျိုးနည်းစနစ်မှန်ကန်စေရေး၊ တစ်ဧက ပန်းတိုင်အထွက်နှုန်း တိုးတက်ကောင်းမွန်ရရှိရေးတို့အတွက် စိုက်ပျိုးရေး ကွင်းဝန်ထမ်းများက တောင်သူပညာပေးကွင်းဆင်းပြီး ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်စိုးလင်းက ပြောကြားခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် နိုင်ငံ့စီးပွာမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမည့် နွေစပါး ဧက ၁၀၀ အပါအဝင် ယခုနှစ် နွေစပါးသီးနှံကို စီမံကိန်းလျာထားဧကအဖြစ် ဧကပေါင်း ၁၇၃၂ ဧကအထိ စိုက်ပျိုးနိုင်ရန် စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)