စစ်ကိုင်းမြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်ပို့ချ

စစ်ကိုင်း ဇန်နဝါရီ  ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းစာကြည့်တိုက်များနှင့် ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာကြည့်တိုက် လုပ်ငန်းများ စနစ်တကျဖြစ်စေရေးအတွက် အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ယမန်နေ့က စစ်ကိုင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။

သင်တန်းတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးယဉ်မင်းအောင်က စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျောင်းစာကြည့်တိုက်များနှင့် ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ စနစ်တကျဖြစ်စေရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး၊ ရည်ညွှန်းလုပ်ငန်း၊ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများ မြှင့်တင်ရေးဘာသာရပ်များကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ထက်ထက်လင်းက မျိုးတူစုလုပ်ငန်းဘာသာရပ်နှင့် စာအုပ်များအား စနစ်တကျ မှတ်သားမှု စနစ်များကိုလည်းကောင်း ဆွေးနွေးပို့ချပေးခဲ့ကြပြီး ကျောင်းစာကြည့်တိုက်များအတွက် သုတ/ရသ စာအုပ်များကို ပေးအပ်ခဲ့ကြသည်။

အဆိုပါသင်တန်းတွင် စစ်ကိုင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၆)ကျောင်းမှ စာကြည့်တိုက် တာဝန်ခံ ဆရာ၊ ဆရာမ(၃၀)ဦး တက်ရောက်ခဲ့ကြပြီး အခြေခံစာကြည့်တိုက်ပညာ ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ဆွေးနွေးပို့ချပေးခဲ့ကြောင်း သိရသည်။

နေလင်းအောင်