ဒေးဒရဲ ဇန်နဝါရီ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဥ်(ရွှေပုဇွန်)၊ မြစ်ရေယာဥ်(စကု)တို့နှင့်အတူ လိုက်ပါလာသော တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယမန်နေ့နံနက်(၉)နာရီက ဒေးဒရဲမြို့သို့ ရောက်ရှိလာရာ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြကြောင်းသိရသည်။
အဆိုပါနယ်လှည့်အထူးကုဆေးအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းကစတင်၍ အမှတ် (၁) ရပ်ကွက်ရှိ မြို့လယ်သံတန်ဆောင်းတော်ကြီးတွင်အခြေပြု၍ ဒေးဒရဲမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ဆေးကုသမှုဆိုင်ရာရောဂါ၊ ခွဲစိတ်ရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါဝေဒနာရှင်များအားလိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သည့်လူနာများအား နီးစပ်ရာတပ်မတော်ဆေးရုံများနှင့် ပြည်သူဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး လူမှုကူညီရေးအသင်းအဖွဲ့များက ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်နေမှုအား ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး ကျော်မင်းယုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးကာ ဆေးကုသမှုခံယူနေသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
အေဇာလင်း