သံတောင်ကြီးဒေသတွင် ဇရစ်ရိုးများ လိုက်လံချိုးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိ

သံတောင်ကြီး ဇန်နဝါရီ ၃၁

ကရင်ပြည်နယ်၊ သံ‌တောင်ကြီးဒေသသည်‌ တောင်ကုန်းတောင်တန်း ထူထပ်ပေါများသောဒေသဖြစ်ပြီး ဉယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုသောနွေရာသီအချိန်တွင် အလုပ်အကိုင်များ ရှားပါးလာသည်နှင့် အားလျော်စွာ  မိသားစုအပိုဝင်ငွေ ရရှိစေရန်အတွက် ဉယျာဉ်ခြံအတွင်းရှိ ချောင်းငယ်များ၏ ဘေးပတ်ဝန်းကျင်တစ်လျောက်နှင့် လယ်ကွက်များတွင် သဘာဝအတိုင်း ပေါက်‌ရောက်သည့်  ဇရစ်ရိုးများကို  လိုက်လံချိုးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

ယခုအချိန်တွင် ရာသီအစားအစာတစ်မျိုးဖြစ်သည့် ဇရစ်ရိုးများပေါ်ချိန်ဖြစ်ပြီး ဇရစ်ရိုးသည် ဒေသခံပြည်သူများ ကြိုက်နှစ်သက်သည့် အစားအစာဖြစ်ပြီး ဟင်းချိုအဖြစ် ချက်ပြုတ်စားသုံးခြင်း၊ ပြုတ်၍၊ သုတ်၍ စားသုံးကြသည်။ ထို့ကြောင့် ဒေသခံပြည်သူများမှာ လိုက်လံချိုးယူကာ မိမိတို့စားသုံးရန်အတွက်သော်လည်းကောင်း သံတောင်ကြီးမြို့ပေါ်ရှိ တခြားစားသုံးသူများထံသော်လည်းကောင်း ရောင်းချလျက်ရှိပြီး ဇရစ်ရိုးတစ်စည်းကို ကျပ် (၁၀၀၀) ရောင်းချရသည့်အတွက် အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

နော်နော်မူ