ပလောက် ဇန်နဝါရီ ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ် (၄) ရပ်ကွက်တွင် ကျောင်းနေအရွယ် ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား/ သူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာန၊ အမှတ် (၄) ရပ်ကွက်၊ အ.လ.ကခွဲ (ဝါးဇွမ်းအုပ်)ကျောင်းတို့ ပူးပေါင်း၍ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက်ပိုင်းက အ.လ.က (ခွဲ) ဝါးဇွမ်းအုပ် ကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
ကျွေးမွေးရာတွင် အာဟာရပြည့်ဝမျှတပြီး ကျန်းမာရေးနှင့်ညီညွတ်သောအစာအာဟာရများကို ချက်ပြုတ်ပြင်ဆင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမြင့်ဟိန်း၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်တင်မြနှင့်တာဝန်ရှိသူများက KG ကျောင်းသား/ သူ ကလေးငယ် များအား နေ့လယ်စာ ကျွေးမွေးခဲ့ကြသည်။
ကျောင်းသား/သူများ အားလုံးကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရန်အတွက် ပညာရေးနှင့် ကျန်းမာရေး အပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရန်၊ မူလတန်းကျောင်းသား/ သူများ၏ ကြီးထွား ဖွံ့ဖြိုးကျန်းမာမှုနှင့် ပညာရေးတိုးတက်မှုများအတွက် ကျောင်းသား/ သူများနှင့် ၎င်းတို့မိသားစုများ၏ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများ မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် ပလောက်မြို့ကျောင်းတွင် ဇန်နဝါရီလအတွင်း KG ကျောင်း သား/ သူ စုစုပေါင်း ၄၆ ဦးကို ဇန်နဝါရီလတွင် (၂) ကြိမ်နှင့် ဖေဖော်ဝါရီလတွင် (၁) ကြိမ်ကျွေးမွေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)