နတ်မောက် ဇန်နဝါရီ ၃၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြစိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဥမ္မာခင် ဦးစီးအရာရှိက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာကောင်းပေမွန်များကို လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စဉ်းစားတွေးခေါ်မှုမြင့်မားလာစေရန်နှင့် အစုအဖွဲ့အတွင်း ပါဝင်ဆွေးနွေးတတ်သော အလေ့အထကောင်းများ ရရှိလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းဝေက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများဖြစ်ကြသည့် Grade-11 ကျောင်းသူ မခင်သူဇာထွန်းက လူငယ်နှင့် ကိုယ်ကျင့်တရားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်ငြိမ်းခန့်ဦးက လူငယ်နှင့်မျိုးချစ်စိတ်ဓာတ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသူ မအိန္ဒာက လူငယ်နှင့် စည်းကမ်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်ရဲထက်အောင်က လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မယွန်းရွှေရည်ခင်ခင်က လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်သီဟနိုင်က လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများကလည်း အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြပြီး အခမ်းအနားအပြီးတွင် ကျောင်းသား/သူများက ပြသထားသည့် နံရံကပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြသည်။ အဆိုပါ လူငယ်စကားဝိုင်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း