ဖြူး ဇန်နဝါရီ ၃၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မြို့နယ်သံဃာ့နာယကအဖွဲ့အနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်းဆိုင်ရာ သံဃာ့ဝန်ဆောင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က ဖြူးမြို့နယ်မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး အခမ်းအနားမှူး ဆရာတော်မှ အစည်းအဝေးသို့ကြွရောက်တော်မူလာကြသော မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်များအား ဖတ်ကြားလျှောက်ထားရာ ၉၆ ရာခိုင်နှုန်းရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်း ကြေညာပြီး သဘာပတိဆရာတော်က ဩဝါဒကထာမြွက်ကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအေးကိုတင့်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ထို့နောက် အခမ်းအနားမှူးဆရာတော်က အနားယူခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အရ အနားယူသောဆရာတော်များ၏ဘွဲ့အမည်စာရင်းကိုကြေညာခြင်း၊ ပြန်လည်ရွေးချယ်နိုင်ရန်အတွက် မူလသတ်မှတ်ထားသည့် သက်ဆိုင်ရာနယ်မြေအလိုက် အမည်စာရင်းတင်သွင်းမည့် အဆိုရှင်မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်ကိုဖိတ်ခေါ်ခြင်း၊ ယင်းအဆိုကိုသက်ဆိုင်ရာနယ်မြေအလိုက်ထောက်ခံမည့် မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်ကို ဖိတ်ခေါ်ခြင်း၊ သဘာပတိဆရာတော်က အစားထိုး ရွေးချယ်ခံရသည့် မြို့နယ်သံဃာ့နာယက ဆရာတော်ဘွဲ့အမည်စာရင်းကို မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေးသို့တင်သွင်း၍ သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်းအပိုဒ် (၃၅-၉၇)များကို ရှင်းလင်းလျှောက်ထားကာ နိဂုံးချုပ် ဩဝါဒကထာ မြွက်ကြားပြီးနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်အဆင့်သံဃာ့နာယကအဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ခဲ့ရာတွင် ဥက္ကဋ္ဌ ဖြူးမြို့ထောင့်ကျောင်းတိုက်မှ ဦးပညာသာရ၊ ဒုတိယဥက္ကဋ္ဌ မဟာစည်သာသနာ့ ရိပ်သာမှဦးအဂ္ဂဝရ၊ အကျိုးတော်ဆောင်အောင်ဇေယျုံစာသင်တိုက်မှ ဦးဥတ္တမသာရ၊ တွဲဖက်အကျိုးတော်ဆောင် ဂုံမင်းကွင်းကျောင်းမှ ဦးကဝိဓဇ၊ အပါအဝင်အဖွဲ့ဝင်ဆရာတော်(၉)ပါးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ရွေးချယ်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)