ပဲခူး ဇန်နဝါရီ ၃၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့၊ နံနက်ပိုင်းက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲသို့ ပဲခူးတိုင်းဒေသကြီးမှ ခင်းကျင်ပြသမည့် ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်တွင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဒေသထွက်ကုန်များ လာရောက်ခင်းကျင်းပြသပွဲများ ကျင်းပသွားမှာဖြစ်ကြောင်း၊ ယခင်လို အရောင်းပြခန်းများဖြင့် ပြသရောင်းချခြင်းအပြင် ပြိုင်ပွဲပါ ထည့်သွင်းဆောင်ရွက်မည်ဖြစ်၍ သမရိုးကျခင်းကျင်းပြသခြင်းအပြင် အဆင့်တန်းပြည့်မီစွာ ပြိုင်ပွဲဝင်နိုင်ရေး အလေးထားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှထွက်ရှိသည့် ဒေသထွက်ကုန်များသည် အမျိုးအမည်စုံလင်ပြီး အရသာကောင်းမွန်၍ နာမည်ကျော်ကြားသော်လည်း ပြည်ပပို့ကုန်အဆင့်ထိ ထုတ်ပိုးမှုစနစ်များဖြစ်ရန် ပြင်ဆင်သွားရမှာဖြစ်ကြောင်း၊ ဒေသထွက်ကုန်အမယ်သစ်များ ဖော်ထုတ်ခြင်း၊ MSME လုပ်ငန်းရှင်သစ်များ ဖော်ထုတ်ခြင်းကိုလည်း တစ်ပြိုင်တည်း ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ယခုပြပွဲပြိုင်ပွဲသည် ဈေးကွက်သစ်များရှာဖွေခြင်းအပြင် ထုတ်ပိုးမှုနည်းပညာများလည်း ရရှိနိုင်မှာဖြစ်၍ ဒေသထွက်ကုန်လုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်ပြသသွားရမှာဖြစ်ကြောင်း၊ လယ်ယာသုံးစက်ကိရိယာနှင့်ပတ်သက်၍ လက်ဆွဲကောက်စက်အစ ပဲခူးတိုင်းကဆိုသည့်အတိုင်း မိမိတို့တိုင်းဒေသကြီးအတွင်းမှ စတင်ထုတ်လုပ်ခဲ့သည့် လက်ဆွဲကောက်စိုက်စက်၊ လူစီးနင်းလိုက်ပါနိုင်သည့် တန်ဖိုးသင့်ကောက်စိုက်စက်၊ ဆေးဖျန်းစက်နှင့်ဘက်စုံသုံးအစေ့ချစက်များနှင့် စပါးနှင့်ပဲမျိုးစုံခြွေလှေ့စက်များလည်း ထည့်သွင်းပြသသွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းမှထွက်ရှိသည့် ဒေသထွက်ကုန်များအား သက်ဆိုင်ရာကဏ္ဍအလိုက် အရည်အသွေးပြည့်မီစွာဖြင့် ယှဉ်ပြိုင်ပြသနိုင်ရေး တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက နေပြည်တော်တွင် ပဲခူးတိုင်းဒေသကြီးအတွင်းမှထွက်ရှိသည့် ဒေသထွက်ကုန်များ ခင်းကျင်းပြသယှဉ်ပြိုင်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက သွားရောက်ပြသမည့် ပြည်တွင်းကုန်ကြမ်းသုံးပစ္စည်းများ၊ သွင်းကုန်အစားထိုး တန်ဖိုးမြှင့်ထုတ်ကုန်များ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအခြေခံထုတ်ကုန်များ၊ ပြည်ပပို့ကုန်များနှင့် OROP ထုတ်ကုန်များနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီး အသေးစား၊ အငယ်စား၊ အလတ်စား MSME အေဂျင်စီအဖွဲ့ဝင်များက ယှဉ်ပြိုင်ပြသသွားမည့် တိုင်းဒေသကြီးဒေသထွက်ကုန်များအပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲသို့ ပဲခူးတိုင်းဒေသကြီးမှ ခင်းကျင်ပြသမည့် ဒေသထုတ်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းမှ ဒေသထွက်ကုန် အမျိုးအစား (၆၅)မျိုးနှင့် အမယ်မျိုးစုံ (၇၀၀)ကျော် ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)