မိုးညိုမြို့ရှိ မြို့မဈေးမီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်း ပူး‌ပေါင်းဆောင်ရွက်

မိုးညို ဇန်နဝါရီ ၃၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ပိုင် မြို့မဈေးမီး‌ဘေးကြိုတင်ကာကွယ်‌ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်သက်သက်မာနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ရဲ‌အောင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးကော်မတီဝင်များနှင့် ဈေးသူဈေးသားများပူးပေါင်းကာ မိုးညိုမြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ယာဉ်များဖြင့် သရုပ်ပြရေဖျန်းမီးငြှိမ်းသတ်ခြင်း၊ ရေစိုအဝတ်ဖြင့်မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဗူးအသုံးပြုပုံနှင့် မီးငြှိမ်းသတ်နည်းများကို လက်တွေ့ပြသခြင်းများဆောင်ရွက်ခဲ့သည်။

အဆိုပါ မြို့မဈေးမီးဘေးလုံခြုံရေးသရုပ်ပြခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် ပြည်သူများ ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ကိုမင်း(ပြန်/ဆက်)