တောင်တွင်းကြီး ဇန်နဝါရီ ၃၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ကံလှကန်ခေတ်မီစံပြကျေးရွာ (Smart Village)နေ ဒေသခံပြည်သူလူထုနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သီရီပျံချီဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာရှိ ဘက်စုံသုံးခန်းမဆောင်၌ တွေ့ဆုံပွဲကို ကျင်းပခဲ့သည်။
တွေ့ဆုံပွဲ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရီပျံချီ ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာ တောင်တွင်းကြီးမြို့နယ် ခေတ်မီစံပြကျေးရွာ (Smart Village) ဘက်စုံဖွံဖြိုးတိုးတက်လာစေရန် ကံလှကန်ကျေးရွာနေ ဒေသခံပြည်သူများအနေဖြင့် အချင်းချင်း စည်းလုံးညီညွှတ်စွာဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်များဖွံ့ဖြိုးတိုးတက်လာစေရေး နိုင်ငံမြှင့်တင်ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား (MSME)လုပ်ငန်းများအတွက် ရန်ပုံငွေများ ရင်းနှီးမတည် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပြင် နည်းပညာပေးသင်တန်းများကိုလည်း တစ်ပိုင်တစ်နိုင်ဝင်ငွေရရှိသည်အထိ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မကွေးခရိုင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးက ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများနှင့် ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းလုပ်ငန်းများအတွက် ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်သွားမည့် စီမံကိန်းလုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပြီး ဒေသခံပြည်သူများက ဒေသဖွံဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကိုတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဥ်း၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျေးရွာအတွင်းရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု(နိုင်/ထောက်)ရန်ပုံငွေဖြင့် ရင်းနှီးမတည်ဆောင်ရွက်ခဲ့သည့် ဇီဝဓာတ်ငွေ့ဝန်ဆံပမာဏ ၈၅ ကုဗပေ၊ နွားချေးဖျော်ရည်ဝန်ဆံ့ပမာဏ ၂၁၅ ကုဗပေရှိသော နေအိမ်သုံးဇီဝဓာတ်ငွေ့ကန် တည်ဆောက်ခြင်းလုပ်ငန်းသို့ ရောက်ရှိပြီး ဇီဝဓာတ်ငွေ့ကန် တည်ဆောက်ထားရှိမှု၊ ထုတ်လုပ်မှုလုပ်ဆောင်ပုံအဆင့်ဆင့်နှင့် အသုံးဝင်ပုံများကို လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့သည်။
နောင်နောင် (ဗိဿနိုးမြေ)