စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး (ပထမအကြိမ်) အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

မုံရွာ ဇန်နဝါရီ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး (ပထမအကြိမ်)အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမမြို့၊ အဆိုပါစေတီတော်ကြီးဝန်းအတွင်းရှိ ဘောဂရံသီဝိပဿနာဓမ္မာရုံကြီး၌ ကျင်းပပြုလုပ်ရာ အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပက အဖွဲ့ဝင်များနှင့် အလှူရှင်များတက်ရောက်ကြသည်။

ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး မုံရွာမြို့၊ သာစံကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ သက်တော်ရှည် ဆရာတော် ဘဒ္ဒန္တတေဇဝံတ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်ကြသည်။

ဆက်လက်ပြီး ပင့်သံဃာဆရာတော်ကြီးများထံမှ တိုင်းဒသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သြဝါဒကထာ နာယူကြည်ညိုကြပြီး ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ် လှူပူဇော်နိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များက ဂေါပကအဖွဲ့ဉက္ကဋ္ဌ၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် ဂေါပကအဖွဲ့ ဒုတိယဉက္ကဋ္ဌတို့ထံ အလှူငွေကျပ် ၃၂၇၇၇၈၁၀၀ (သိန်းပေါင်း သုံးထောင်နှစ်ရာ ခုနှစ် ဆယ့်ခုနှစ်သိန်း ခုနှစ်သေ,င်းရှစ်ထောင်တစ်ရာကျပ်)အား ပေးအပ်လှူဒါန်းကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ဆက်လက်၍ မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက် ဦးစီးပဓါနာယက၊ ဒွိပိဋကဓရ၊ ဒွိပိဋ ကကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာဝံသ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒ နာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ“ဗုဒ္ဓ သာသနံ စိရံ တိဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်၍ ပင့်သံဃာဆရာတော်ကြီးများနှင့် သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက နေ့ဆွမ်းများဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)