ကရင်ပြည်နယ် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဘားအံ ဇန်နဝါရီ ၃၀

ကရင်ပြည်နယ် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

အဆိုပါပွဲတော်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြကာ အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ ပန်းပွားအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်၍ စုပေါင်း မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို အဆိုပါအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ဆက်လက်ကျင်းပရာ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပညာဘဏ်တိုက်စာကြည့်တိုက်သို့သွားကြစို့ သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည်ခိုင်မာတိုးတက်စေရမည် Video Clip ကို ကြည့်ရှုခဲ့ကြပြီး  ပြည်နယ်ဝန်ကြီးချုပ်က စာဖတ်ခြင်းသည် တိုးတက်ကြီးပွားခြင်း၏ လှေကားထစ် ဖြစ်သည့်အတွက် အနာဂတ်နိုင်ငံတော်၏ ကဏ္ဍအသီးသီးတွင် ဦးဆောင်တာဝန်ယူကြမည့် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအနေဖြင့် ယခုကဲ့သို့ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှ အသိလိမ္မာတိုးတက်မြင့်မားပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် လူကောင်းလူတော်များဖြစ်လာစေရန် ကျောင်းစာကြည့်တိုက်များကို အသုံးပြုကြပါ၊ စာအုပ်စာပေများကိုဖတ်ရှုလေ့လာကြပါ၊ စာပေစကားဝိုင်းများ၊ စာပေဆိုင်ရာဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးကြပါဟု တိုက်တွန်းပြောကြားသည်။

ယင်းနောက် အ.ထ.က(ခွဲ)-၂၊ ဘားအံတက္ကသိုလ်၊ မဟာမြကျွန်းသာ ကိုယ်ပိုင်အထက်တန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍  ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စာဖတ်ဝိုင်း၊ ဉာဏ်စမ်းပဟေဋ္ဌိပြိုင်ပွဲ (Kahoot Quiz)၊ အလယ်တန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲ၊ မူလတန်းအဆင့်ကဗျာရွတ်ပြိုင်ပွဲ၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အလယ် တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ၊ ဘားအံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်တို့မှ စာဖတ်ရှိန်မြှင့်တင်ရေး အထောက် အကူပြုပြခန်းများ၊ လှပသာယာပြည်မြန်မာရောင်စုံဓာတ်ပုံပြပွဲများ၊ ကရင်တိုင်းရင်းသား စာပေဉာဏ်စမ်းပဟေဋ္ဌိပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ရုပ်ပုံဆက်ပြိုင်ပွဲ၊ ပုဂ္ဂလိကစာအုပ် အရောင်းဆိုင်များနှင့် ချိတ်ဆက်၍ စာအုပ်ဈေးရောင်းပွဲများတွင် ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာ စာအုပ်စာပေလေ့လာဖတ်ရှုနေမှု၊ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်တွင် ပါဝင်ယှဉ်နွဲနေကြသော ကျောင်းသား၊ကျောင်းသူများအား နေ့လည်စာများ ဝေငှပေးခဲ့ကြသည်။

ထို့နောက် သုတ၊ ရသ စာအုပ်ပေါင်း ၁၀၀၀ ခန့်ရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်တွင် ကျောင်းသားလူငယ်များ စာပေဖတ်ရှုလေ့လာနေမှုတို့ကို ကြည့်ရှုအားပေး၍ ကျောင်းစာကြည့်တိုက်အတွက် ငွေကျပ် (၁၀) သိန်းကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)