ပဲခူးတိုင်းဒေသကြီး(အနောက်)တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် အခြေခံပညာအထက်တန်းဆင့် Grade-12 သင်ကြားသင်ယူမှုထိရောက်ရေး စွမ်းရည်မြှင့်ဆွေးနွေးပွဲ ကျင်းပ

ပြည် ဇန်နဝါရီ ၃၀

ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးခွဲ(ပြည်)က ကြီးမှူး၍ ပြည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပဲခူးတိုင်းဒေသကြီး(အနောက်) တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် အခြေခံပညာအထက်တန်းဆင့် Grade-12 သင်ကြားသင်ယူမှုထိရောက်ရေး စွမ်းရည်မြှင့်ဆွေးနွေးပွဲကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တိုင်း/ခရိုင်/မြို့နယ်ပညာ‌ရေးဌာနတာဝန်ရှိသူများ၊ ပြည်တက္ကသိုလ်မှပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ နည်းပြများ၊ အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများနှင့် သင်တန်းသား/သင်တန်းသူ ဆရာ၊ဆရာမများ‌ တက်‌ရောက်ကြသည်။

ရှေးဦးစွာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ယခုဆွေးနွေးပွဲမှရရှိလာသော ဘာသာရပ်အလိုက် တက္ကသိုလ်ဝင်စာမေးပွဲဆိုင်ရာသိရှိရမည့် အကြောင်းအရာများကို ကျောင်းသား၊ကျောင်းသူများအား အကောင်းဆုံးပြန်လည်သင်ကြား‌ပေးကြရန်နှင့် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာ‌မေးပွဲဖြေဆိုသူအားလုံး အောင်မြင်နိုင်‌ရေး ကြိုးစားသင်ကြားဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။

အဆိုပါ Grade-12 သင်ကြားသင်ယူမှု ထိရောက်ရေးစွမ်းရည်မြှင့်ဆွေးနွေးပွဲကို ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ လေးရက်ကြာကျင်းပမည်ဖြစ်ပြီး ဆွေးနွေးပွဲတွင် ပြည်တက္ကသိုလ်မှဦးဆောင်၍ ဘာသာရပ်အလိုက်ကျွမ်းကျင် နည်းပြဆရာ၊ဆရာမ  ၆၃ဦးဖြင့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ၁၄ မြို့နယ်ရှိ အခြေခံပညာအထက်တန်းဆင့်သင်ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ Grade-12 သင်ကြားရေး ဆရာ၊ဆရာမသင်တန်းသား/သင်တန်းသူပေါင်း ၂၂၂၃ဦး အား သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ကြားသင်ယူမှုထိရောက်ရေးကို စာတွေ့၊ လက်တွေ့ ပို့ချဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)