ဓနုဖြူ ဇန်နဝါရီ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဓနုဖြူမြို့၊ မြို့မဈေးကြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးဝင်းအောင်သူနှင့် ဝန်ထမ်းများ၊ မီးသတ်ဦးစီးမှူးနှင့်အဖွဲ့ဝင်များ၊ စျေးကော်မတီဝင်များနှင့် ဈေးသူ/ဈေးသားများ ပူးပေါင်း၍ တွေ့ဆုံဆွေးနွေးကြပြီး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ထားရှိမှုများအား ဈေးရုံအတွင်း လှည့်လည်စစ်ဆေးကြည့်ရှုကာ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနောင်နောင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဥ်ဖြင့်မီးငြှိမ်းသတ်ပြခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံအား ရှင်းလင်းပြောကြားခြင်း၊ ဆီမီးလောင်မှုအား မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြှိမ်းသတ်မှုများကို သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မောင်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းအောင်သူနှင့်အဖွဲ့ဝင်တို့မှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)