တောင်ငူ ဇန်နဝါရီ ၃၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စာရေးသူ “ လင်းသိုက်ညွန့် (မြန်မာ့မြေ)”ရေးသားထားသည့် “အောင်မြင်ခြင်းလက်ဆောင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။
ရှေးဦးစွာ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ဆွေးနွေးရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)ဥက္ကဋ္ဌ ဦးစောဂျရုန်း (မောင်ယဥ်ထွေးတက္ကသိုလ်)က “ပျော်ရွှင်မှုနဲ့ အောင်မြင်မှုဟာ ဆက်စပ်သလား” ခေါင်းစဥ်ပါအကြောင်းအရာများဖြင့် ဦးဆောင်ဆွေးနွေးသည်။ ထို့နောက် တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက လူ့တန်ဖိုးဆိုတာဘာလဲ(What is human value?) ခေါင်းစဥ်ပါအကြောင်းအရာများကို ဆွေးနွေးပြောကြားပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် Sweet Family ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများက စာအုပ်ပါအကြောင်းအရာများ၊ ၎င်းတို့၏ အတွေးအမြင်များကို ပြန်လည်ဆွေးနွေးကြကာ (Book Club)ဥက္ကဋ္ဌ ဦးစောဂျရုန်း (မောင်ယဥ်ထွေးတက္ကသိုလ်)က ဆွေးနွေးချက်များအပေါ်ပြန်လည်သုံးသပ် ဆွေးနွေးသည်။
တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာန၌ ပြည်သူများအသိပညာဗဟုသုတရရှိစေရန်နှင့် စာပေချစ်မြတ်နိုးသူများ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများ လစဥ်ကျင်းပလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)