ပန်းတနော် ဇန်နဝါရီ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပန်းတနော်မြို့ မြို့မိမြို့ဖများမှ ဦးစီးကျင်းပသော အမျိုးသားအလွတ်တန်း(ဂိုးလတ်) သဲသောင်ပြင်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီခွဲအချိန်တွင် ပန်းတနော်မြို့နယ် သဲသောင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက ဘင်ခရာအဖွဲ့ဖြင့် ကွင်းအတွင်းသို့ ချီတက်နေရာယူပြီး ပြိုင်ပွဲဝင်အားကစားသမားများက နိုင်ငံတော်အလံအလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဋ္ဌာန်ကို ရွတ်ဆိုကြသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက အဖွင့်အမှာစကားပြောကြားခြင်း၊ ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွန်းအောင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကျင်းပပေးခြင်းအားဖြင့် လူငယ်လူရွယ်များ အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိပြီး အသင်းလိုက် စုပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စနစ်သစ်ပညာရေးတွင် ဘက်စုံထူးချွန်ထက်မြက်နေစေရန် စသည့်ရည်ရွယ်ချက်ကောင်းတို့ဖြင့် ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အတွင်းရှိ ဘောလုံးအားကစား ပြိုင်ပွဲဝင်အသင်း ၃၂ သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဇန်နဝါရီ ၃၀ ရက်နေ့ မှစတင်၍ ပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)