အထက်မင်းလှ ဇန်နဝါရီ ၃၀
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် (၁၀)နာရီက မင်းလှမြို့ နယ်သဖန်းချောင်းကျေးရွာတွင် တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသတစ်ခုထုတ်ကုန်တစ်ခု(One Region One Product)အစီအစဉ်ဖြင့် ဖွင့်လှစ်ခဲ့သည့် လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာသင်တန်း၊ သဘာဝဆိုးဆေးနှင့် Eco Printing သင်တန်းဆင်းပွဲအခမ်းအနားကို သဖန်းချောင်းကျေးရွာ အောင်သပြေဘက်စုံသုံးခန်းမ၌ ကျင်းပရာ ကျေးရွာအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က သင်တန်းဆင်းအမှာစကားပြောကြားပြီး တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စုစုခိုင်က ဒေသတစ်ခု ထုတ်ကုန်တစ်ခု(One Region One Product)အစီအစဉ်ဖြင့် ဖွင့်လှစ်ခဲ့သည့် သင်တန်းများနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်တို့က သင်တန်းတွင်ထူးချွန်သည့် သင်တန်းသူများအား ရက်ကန်းစင်များ ပေးအပ်ခဲ့သည်။ ယင်းနောက် သင်တန်းသူတစ်ဦးနှင့် ရပ်မိရပ်ဖတစ်ဦးတို့က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာသင်တန်း၊ သဘာဝဆိုးဆေးနှင့် Eco Printing သင်တန်းဆင်းပွဲ ဒေသထွက်ကုန်များဖြစ်သည့် လက်ရက်ကန်းဖြင့် ရက်လုပ်ထားသော ချည်ထည်များ၊ သဘာဝဆိုးဆေးပြုလုပ်သည့် ပစ္စည်းများ၊ ရက်ကန်းစင်များခင်းကျင်းပြသထားမှုများအား ကြည့်ရှုခဲ့ကာ ဒေသခံပြည်သူများ၏ လက်ရက်ကန်းရက်လုပ်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သဖန်းချောင်းကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်မတည်ရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်ထားရှိသည့် နေအိမ်သုံး ဇီဝဓာတ်ငွေ့ကန်တည်ဆောက်ထားရှိမှုနှင့် သုံးစွဲမှုအခြေအနေများ၊ နွားမွေးမြူထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)