ကျိုက်လတ်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်ကျင်းပ

ကျိုက်လတ် ဇန်နဝါရီ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြစန္ဒီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ  ကျောင်းသား/ကျောင်းသူလေးများက “ကြိုဆိုပါတယ် စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မိဘများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့်အတွက် ယခုလိုထူးချွန် ကျောင်းသားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာခြင်းဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် စာများများဖတ်ရန်လိုအပ်ကြောင်း၊ ဖုန်းများအသုံးပြုမှုကို သတိပြုကြစေလိုကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက်လည်း အခုအချိန်မှစ၍ ကြိုးစားကြစေလိုကြောင်း၊ လူတော်လူကောင်းများဖြစ်အောင် ဇွဲ၊ လုံ့လ၊ ဝီရိယကို အဖော်ပြု၍ ကြိုးစားကြစေလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ဆက်လက်၍  မြို့နယ်ပညာရေးမှူး ဦးအောင်မိုးက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ လူရည်ချွန်ဆုရ ကျောင်းသား/ကျောင်းသူများနှင့် တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်တို့တွင် ကဏ္ဍအသီးသီးမှ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား/ ကျောင်းသူများကို ဂုဏ်ပြုဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူလေးများက တေးသရုပ်ဖော်အကများဖြင့် ကပြ၊ သီဆိုဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)