ထားဝယ် ဇန်နဝါရီ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ အတီးအမှုတ်အကအခုန်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းမင်းလတ်၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းတို့က ပညာရေးစုံညီပွဲတော်အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းသား/ သူများ၏ ပညာရေးစုံညီပွဲတော်၊ လှလိုက်တဲ့တနင်္သာရီ၊ Finesse Dance အကများ၏ သီဆိုကပြဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးကာ ကျောင်းသား/ သူများက စုံညီပွဲတော်တို့နွှဲပျော်သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ကာကွယ်နိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်၊ ပြည်ထောင်စုစိတ်ဓါတ် ရင့်သန်ခိုင်မာပြီး ရိုးရာယဉ်ကျေးမှုနှင့် လူသားကောင်းဖြစ်မှုစံနှုန်းများကို ထိန်းသိမ်းမြှင့်တင်နိုင်မည့်နိုင်ငံသားကောင်း၊ သမီးမွန်များပေါ်ထွန်းလာစေရန်၊ ပညာရေးကဏ္ဍအလိုက်စွမ်းဆောင်ချက်များကို မြှင့်တင်ပေးရန်၊ အမျိုးသားပညာရည် မြှင့်မားရေးလုပ်ငန်းများကို မိဘပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် စသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် အခြေခံပညာမူလတန်းနှင့် အလယ်တန်းဆင့် ဗဟိုအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲနှင့် National ICT Awards ပြိုင်ပွဲများမှ ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူ (၁၁) ဦးအပါအဝင်၊ တိုင်းဒေသကြီးအဆင့် ပြပွဲပြိုင်ပွဲအသီးသီးမှ ဆုရရှိသူ ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၆၄) ဦးကို ဆုများချီးမြှင့်ပေးသွားမှာဖြစ်ပြီး ဆုချီးမြှင့်ငွေ (၅၃) သိန်းကျော်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကချီးမြှင့်ပေးခဲ့ကြောင်း၊ နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် လူ့စွမ်းအားအရင်းအမြစ်ဖြင့်သာ အဓိကတည်ဆောက်ရခြင်းဖြစ်သည့်အတွက် အသိပညာ၊ အတတ်ပညာပြည်စုံသော ပညာတတ်များ ပေါ်ထွက်လာစေရန်နှင့် ထူးချွန်ထက်မြက်ပြီး အကျင့်စာရိတ္တကောင်းမွန်၍ ကျန်းမာသန်စွမ်းသော ကျောင်းသား၊ ကျောင်းသူများ ဖြစ်ပေါ်လာစေရန် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများ၊ စုံစုံညီညီပျော်ပျော်ရွှင်ရွှင်တက်တက်ကြွကြွ ပူးပေါင်းပါဝင်ရန် ဝိုင်းဝန်းဆောင်ရွက်ကြစေ လိုကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ဗဟိုအဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် (၃)နှစ် ဆက်တိုက်ဆုများရရှိခဲ့သည့်အပြင် National ICT Awards ပြိုင်ပွဲတွင်လည်း (၂) နှစ်ဆက်တိုက်ဆုများ ရရှိခဲ့သောကြောင့် များစွာဂုဏ်ယူပါကြောင်းနှင့် နောက်နှစ်များတွင်လည်း နိုင်ငံတော်အဆင့်၌ ဆုများရရှိအောင် ဆက်လက်ကြိုးစားဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ အခြေခံပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဝန်ထမ်းများအားလုံးနှင့်ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ အချိတ်အဆက်မိမိ လက်တွဲပူးပေါင်းပါဝင်ဆောင်ရွက်မှုမြှင့်တင်ဆောင်ရွက်သွားကြရန်၊ ဘက်စုံထူးချွန်သော လူတော်လူကောင်း နိုင်ငံသားကောင်း၊ သမီးမွန်များဖြစ်အောင် ပညာရေးမိသားစုများအားလုံး ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်က တိုင်းဒေသကြီး ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တိုင်းဒေသကြီးမှ ဗဟိုအဆင့်တွင် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများနှင့် တိုင်းဒေသကြီးအဆင့်တွင် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ပြီး တက်ရောက်လာသော ဧည့်သည့်တော်များအား ဆရာ/ဆရာမများနှင့်အခြေခံပညာ ကျောင်းပေါင်းစုံမှကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားအက၊ ရိုးရာယဉ်ကျေးမှုအက၊ တပင်တိုင်အက၊ အကအလှပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)