(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့ပတ်လမ်း နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်လှစ်

ဘားအံ ဇန်နဝါရီ ၃၀

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသေားအားဖြင့် ဘားအံမြို့ အမှတ် (၄၊၆၊၇)ရပ်ကွက်များကို ဆက်သွယ်ဖောက်လုပ်ထားသော ဘားအံမြို့ပတ်လမ်း နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက အမှတ်(၇)ရပ်ကွက်၊ ဘားအံ-ထုံးအိုင်လမ်းနှင့် ဘားအံမြို့ ပတ်လမ်းဆုံ၌ ကျင်းပခဲ့သည်။

လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လမ်း၊ တံတားများ ရေရှည်တည်တံ့ကောင်းမွန်စေရေးနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်လှပရေးအတွက် ရပ်ကွက်နေပြည်သူများမှ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် တိုက်တွန်းပြောကြားပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးသူရမြင့်သူတို့က ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြု ရန်ပုံငွေကျပ် ၂၂၂၁ ဒဿမ ၀၉၆ သန်းဖြင့် မြို့ပတ်လမ်းအစ သီရိလမ်းထိပ်မှ ဘားအံ - ထုံးအိုင်လမ်းအထိ အရှည် ၃၃၆၃ ပေ၊ အကျယ် ၂၄ ပေရှိ နိုင်ကွန်ကတ္တရာ လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

ဘားအံမြို့ပတ်လမ်းသစ်ကို ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းရပ်(၆)ခုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး မြေသား လမ်းလုပ်ငန်း၊ ကျောက်စီမြေထိန်းနံရံပြုလုပ်ခြင်းလုပ်ငန်း၊ တံတားတည်ဆောက်ခြင်းလုပ်ငန်း၊ ရေမြောင်းပလက်ဖောင်းပြုလုပ်ခြင်းလုပ်ငန်း၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းတို့ကို ၂၀၂၄ ခုနှစ် ဧပြီလ ၂၇ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ပြီးစီး၍ ယနေ့ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

မြို့ပတ်လမ်းသစ်သည် ဘားအံမြို့ကိုဖြတ်သန်းသွားသော အာဆီယံလမ်းမကြီးဖြစ်သည့် ဘားအံ-ထုံးအိုင် လမ်းနှင့် မြို့တွင်းသို့ဆက်သွယ်ဖောက်လုပ်ထားပြီး မြို့ပြအင်္ဂါရပ်နှင့်ကိုက်ညီသော လမ်းတစ်လမ်းဖြစ်ကာ ဒေသခံ ပြည်သူများသွားလာရေးပိုမိုလွယ်ကူစေပြီး လူမှုစီးပွားကဏ္ဍအတွက် များစွာအကျိုးကျေးဇူးဖြစ်ထွန်းစေသည့်အပြင် ဘားအံမြို့၏ ဂုဏ်ကိုပိုမိုမြှင့်တင်မည်ဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လမ်းဖွင့်ပွဲသို့တက်ရောက်လာသော ဒေသခံပြည်သူများသည် အဆိုပါလမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)