ပုသိမ် ဇန်နဝါရီ ၃၀
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ပုသိမ်တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်၊ မအူပင် တက္ကသိုလ်များမှ ဆရာ၊ ဆရာမများက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူများအား သင်ကြားပို့ချလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူ များသည် ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းတွင် ပုသိမ်တက္ကသိုလ်မှ ပါမောက္ခက သင်္ချာဘာသာရပ်အား သင်ကြားပို့ချနေမှုများကို သွားရောက် ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်းသို့သွားရောက်၍ ပုသိမ်တက္ကသိုလ်မှ သင်္ချာဌာနမှ ပါမောက္ခက သင်္ချာဘာသာရပ်အား သင်ကြားပို့ချနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် များစွာအထောက်အကူပြုမည်ဖြစ်သဖြင့် အလေးထားလိုက်နာဆောင်ရွက်ရေးနှင့် အောင်ချက်မြင့်မားရေးအတွက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ မိဘများပူးပေါင်း၍ အောင်ချက်မြင့်မားရေးအတွက် ဝိုင်းဝန်းဆောင်ရွက်စေရေးတို့ကိုမှာကြားခဲ့ပြီး ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆွေးနွေးပို့ချခြင်းများကို ပုသိမ်တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်၊ မအူပင်ပင်တက္ကသိုလ်များမှ ဆရာ၊ ဆရာမများက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်၌ ယခုလ (၂၁) ရက်နေ့မှ စတင်၍ ဖေဖော်ဝါရီလ (၇) ရက်နေ့အထိ ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဓာတုဝိဇ္ဇာပရိယတ္တိ ပဋိပတ္တိကျောင်းတိုက်ဝန်းအတွင်း တည်ဆောက်လျက်ရှိသည့် ဆွမ်းစားကျောင်းဆောင်သစ် ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးနှင့် အရည်အသွေးပြည့်မီရေးတို့ကို မှာကြားခဲ့သည်။
လှမင်းထွဋ် (ပြန်/ဆက်)