ဘုတ်ပြင်းမြို့၌  အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံး ( ဂိုးလတ်)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဘုတ်ပြင်း ဇန်နဝါရီ    ၃၀     

ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးကျန်းမာသန်စွမ်းတဲ့ အနာဂတ် မျိုးဆက်သစ်များပေါ်ထွက်လာစေရန်၊ မြို့နယ်အားကစားအဆင့်အတန်း မြင့်မားလာစေရေး အထောက်အကူဖြစ်စေရန်၊ အားကစားကဏ္ဍကို စိတ်ပါဝင်စားလာ‌စေရန်၊ မိမိကျောင်း၊ မြို့နယ်ဂုဏ်၊ နိုင်ငံဂုဏ်ဆောင် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုး သား၊ အမျိုးသမီးဘောလုံး (ဂိုးလတ်) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေက မြို့မအားကစားကွင်းတွင်  ကျင်းပ ခဲ့သည်။

အမျိုးသမီးဗိုလ်လုပွဲ၌ အ.ထ.က-ဘုတ်ပြင်းအသင်းနှင့် အ.လ.က(ခွဲ) သဲစုတ်စက်မိုင်းအသင်းတို့ကလည်းကောင်း၊ အမျိုးသားဗိုလ်လုပွဲ၌  အ.ထ.က-တောင်ဒဂုံအသင်းနှင့် အ.ထ.က-ဘုတ်ပြင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။ အမျိုးသမီးပြိုင်ပွဲတွင်အ.ထ.က-ဘုတ်ပြင်းအသင်းက ပင်နတီအဆုံးအဖြတ်ဖြင့်လည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် အ.ထ.က-ဘုတ်ပြင်းအသင်းက (၃)ဂိုး  (၁)ဂိုးဖြင့် အသီးသီးအနိုင်ရဗိုလ်စွဲခဲ့ကြသည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ အမျိုးသား၊ အမျိုးသမီး ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ဘောလုံးသမားဆု ရရှိသူများ၊ ဒုတိယဆုရရှိသည့်အသင်းများကို တာဝန်ရှိသူများက လည်ဆွဲဆုနှင့်ငွေသားဆုများကို အသီးသီးပေးအပ်ခဲ့သည်။ ယင်းနောက်  အမျိုးသမီးအသင်း အနိုင်ရ ဗိုလ်စွဲခဲ့သည့် အ.ထ.က-ဘုတ်ပြင်းအသင်းအား မြို့နယ်ပညာရေးမှူး ဦးအောင်စိုးက တံခွန်စိုက် ဆုဖလားကိုပေးအပ်ပြီး အမျိုးသားအသင်း အနိုင်ရဗိုလ်စွဲခဲ့သည့် အ.ထ.က-ဘုတ်ပြင်းအသင်းအား တံခွန်စိုက်ဆုဖလားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီက ပေးအပ်ခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်း (ပြန်/ဆက်)