မြန်အောင် ဇန်နဝါရီ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် သံဃနာယကအဖွဲ့ (၂၅%)ရာခိုင်နှုန်းအနားယူခြင်း၊ အစားထိုးရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို မြန်အောင်မြို့ မုံရွာကျောင်းတိုက်ဓမ္မာရုံ၌ ယနေ့နံနက်က ကျင်းပပြုလုပ်သည်။
ဦးစွာအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ရွှေမစိုးရိမ်ကျောင်းဆရာတော် မဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တဝိစယ အရှင်သူမြတ်က ဩဝါဒကထာမြွတ်ကြားသည်။
ထို့နောက် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၃) ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးဌာနမှူး ဦးတင်မြိုင်က သာသနာရေးဆိုင်ရာကိစ္စရပ်များအား လျှောက်ထားတင်ပြသည်။ ထို့နောက် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းတို့က ရွေးချယ်ရေးကြီးကြပ်မှုဆရာတော်များအား နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ရွေးချယ်မှုကြီးကြပ်ရေးအဖွဲ့မှ သံဃာ့အဖွဲ့အစည်းမှ အနားယူခြင်း၊ အစားထိုးခြင်းဆိုင်ရာ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းများ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြကာ ဆရာတော်(၅၄)ပါး ကြွရောက်၍ (၃၃) ပါး ဆန္ဒပေးထားသည့်အတွက် အစည်းအဝေးထမြောက်အောင်မြင်ပါကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ရွှေမစိုးရိမ်ကျောင်းဆရာတော် မဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တဝိစယ အရှင်သူမြတ် သဘာပတိဆရာတော်က တိုင်းဝိနည်းဓိုရ်ဆရာတော်များရွေးချယ်ခြင်း၊ မြို့နယ်ဝိနည်းဓိုရ် ဆရာတော်များရွေးချယ်ခြင်း၊ မြို့နယ်သံဃနာယကအဖွဲ့ အစားထိုးပြန်လည်ရွေးချယ်ခြင်းတို့အား အတည်ပြု၍ နိဂုံးချုပ်ဩဝါဒ စကားမိန့်ကြားပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃)ကြိမ်ရွတ်ဆို၍ အ ခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ ကြွရောက်လာကြသည့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆရာတော်၊ သံဃာ တော်များအား ကျန်းမာရေးစစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)