(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပ

ဖြူး ဇန်နဝါရီ ၃၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အခြေခံပညာဦးစီးဌာနမှကျင်းပသော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ဇန်နဝါရီလ ၃၀ ရက်နေ့၊ နံနက် ၉ နာရီခွဲအချိန်က အထက(၂)ကျောင်း အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် ဖြူးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ အထက်တန်း/အလယ်တန်း/မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/သူ(၂၉)ဦး၊ အထက်တန်း/အလယ်တန်း/မူလတန်းအဆင့် ကဗျာပြိုင်ပွဲတွင် ကျောင်းသား/သူ(၂၄)ဦး၊ ပန်းချီပြိုင်ပွဲတွင် အထက်တန်း/အလယ်တန်း/မူလတန်းအဆင့် ကျောင်းသား/သူ (၂၅)ဦး၊ စုစုပေါင်း(၇၈)ဦးသည် ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် ခေါင်းစဥ်များဖြင့် ယှဥ်ပြိုင်ကြကြောင်း သိရသည်။

ပြိုင်ပွဲအဆင့်အလိုက် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူများအား (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)